News

POST TYPE

NEWS

ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်လာ၍ လူသန်းပေါင်းများစွာ Lockdown ကန့်သတ်ချက်များနှင့် ပြန်လည်နေထိုင်ရ
15-Jul-2020


ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၁၄

ယခုအခါ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ အတော်များများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ပြန်လည်မြင့်တက်လာသောကြောင့် လူသန်းပေါင်းများစွာသည် Lockdown ကန့်သတ်ချက်များနှင့် ပြန်လည်နေထိုင်နေရပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။ 

အမေရိကန်ပြည်ထောင်စုတွင် လူဦးရေအထူထပ်ဆုံးသော ပြည်နယ် တစ်ခုဖြစ်သည့် ကာလီဖိုးနီးယားပြည်နယ်တွင် ဗိုင်းရပ်စ်ကူးစက်မှု အဆမတန် မြင့်တက်လာသောကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် အသွားအလာ ကန့်သတ်မှုများ ပြန်လည်ပြဋ္ဌာန်းလိုက်ရသည်။ 

ကာလီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆွမ်က စားသောက်ဆိုင်များအတွင်း စုဝေးစားသောက်မှုများ၊ ဖျော်ဖြေမှုများ မပြုလုပ်ရန် တိုက်တွန်းလိုက်သလို ပြတိုက်များနှင့် တိရစ္ဆာန်ရုံများကိုလည်း ပြန်ပိတ်ရန် အမိန့်ထုတ်လိုက်သည်။ 

အမေရိကန်ပြည်ထောင်စုတွင် ကူးစက်မှုအများဆုံးဖြစ်ပေါ်နေသည့် အနောက်တောင်ပိုင်းဒေသ ပြည်နယ်များတွင် ဘုရားရှိခိုးကျောင်းများ၊ အားကစားခန်းမများနှင့် ဆံပင်အလှပြုပြင် ရေးဆိုင်များအားလုံးကို ပိတ်ပင်ထားရန်လည်း အမိန့်ထုတ်ထားသည်။ 

ကာလီဖိုးနီးယားပြည်နယ်တစ်ခု တည်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၃၀,၀၀၀ ဦးနှင့် သေဆုံးသူ ၇၀၀၀ ရှိ ထားသည်။ 

ကာလီဖိုးနီးယားတွင် ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း ဗိုင်းရပ်စ်ပိုးရှိ မရှိ စစ်ဆေးခဲ့ရာ စစ်ဆေးခံရသူများ၏ ၂၀ ရာခိုင်နှုန်းတွင် ပိုးတွေ့ရှိခဲ့သည်။ 

အမေရိကန်ပြည်ထောင်စု ပြည် နယ်ပေါင်း ၅၀ တွင် ၄၀ ၌ နှစ်ပတ်အတွင်း ကူးစက်မှုနှုန်း သိသိသာသာမြင့်တက်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ 

ကာလီဖိုးနီးယား၊ ဖလော်ရီဒါနှင့် တက္ကဆပ်ပြည်နယ်များတွင်လည်း ကူးစက် မှုနှုန်းမြင့်တက်လျက်ရှိကြောင်း၊ ဖလော်ရီဒါ ပြည်နယ်ရှိ မြို့များတွင် Lockdown ကန့် သတ်ချက်များ ပြန်လည်သတ်မှတ်ပြဋ္ဌာန်း လိုက်ကြောင်း သိရသည်။ 

အာရှဒေသတွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှာ စိုးရိမ်စရာအခြေအနေသို့ ရောက်ရှိလာသည်။ အိန္ဒိယသည် ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးနိုင်ငံပြီးလျှင် တတိယမြောက် ကူးစက်မှုနှုန်းအမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေသည်။ 

လက်တင်အမေရိကနိုင်ငံများတွင်လည်း ကူးစက်မှုများမြင့်တက်နေဆဲဖြစ်သည်။ 

ဥရောပဒေသနိုင်ငံအချို့တွင်လည်း ကူးစက်မှုပြန်လည်မြင့်တက်လာမည့် အခြေအနေများ ကြုံတွေ့နေရသောကြောင့် ကန့်သတ်ချက်များ ပြန်လည်ပြဋ္ဌာန်းရန် စီစဉ်လျက်ရှိသည်။ 

ပြင်သစ်တွင်မူ အစိုးရက အများပြည်သူနှင့်သက်ဆိုင်သော မိုးလုံလေလုံ နေရာများအားလုံးတွင် Mask တပ်ရန်လိုအပ်ကြောင်း အစိုးရက ကြေညာသည်။ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းလျော့ကျသွားသော်လည်း ကူးစက်မှုအနည်းငယ်ပြန်တွေ့ရသောကြောင့် သတိဖြင့်နေထိုင်ရန် အစိုးရက တိုက်တွန်းထားသည်။ 

အရှေ့တောင်အာရှဒေသမှ အင်ဒို နီးရှားတွင်မူ ကူးစက်မှုနှုန်းအဆမတန် မြင့်တက်နေဆဲဖြစ်ရာ ကန့်သတ်ချက်များ ပြန်လည်သတ်မှတ်လိုက်ကြောင်း သိရသည်။ အင်ဒိုနီးရှားတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀,၀၀၀ နီးပါးရှိသွားပြီဖြစ်သည်။ 

F-01