News

POST TYPE

NEWS

ပြင်သစ်ကျန်းမာရေးဝန်ထမ်းများ သမိုင်းတွင် အမြင့်ဆုံးနှုန်းဖြင့် လုပ်ခလစာတိုးမြှင့်ရရှိ
15-Jul-2020


ပါရီ၊ ဇူလိုင် ၁၄

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဘေးအကျပ်အတည်းကို ကိုင်တွယ်လျက်ရှိသော ပြင်သစ်ဆေးရုံစနစ်များကို အဆင့်မြှင့်ရာတွင် ကျန်းမာရေးလုပ်သားများကို သမိုင်းတွင်မည့် အမြင့်ဆုံးနှုန်းဖြင့် လုပ်ခလစာများ တိုးပေးမည်ဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် အက်ဒွက်ဖိလစ်ပီ၏ အတည်ပြုချက်အရ France24 သတင်းတစ်ရပ်က ဖော်ပြထားသည်။

“ရှင်းရှင်းလင်းလင်း ပြောကြားပါမယ်။ တိုးပေးတဲ့ ပမာဏက များပြားရပါစေ့မယ်” ဟု ဖိလစ်ပီက ဆရာဝန်၊ သူနာပြု အလုပ်သမား သမဂ္ဂများနှင့် ညှိနှိုင်းဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ 

ပြင်သစ်ဆေးရုံ ဝန်ထမ်းများသည် လုပ်ခလစာနည်းပါးခြင်းနှင့် ဝန်ထမ်းအင်အား မလုံလောက်ခြင်းတို့အတွက် ကာလရှည်ကြာ ကန့်ကွက်ခဲ့ကြပြီး ရန်ပုံငွေတိုးမြှင့်ချပေးရန် သပိတ်များအကြိမ် ကြိမ်မှောက်ကာ တောင်းဆိုခဲ့သည်။ 

အစိုးရက အရင်းအမြစ်များ ထပ်ထည့်မည်ဟု ကတိပြုထားသော Covid-19  အကျပ်အတည်းတွင် အများ ပြည်သူ၏ လေးစားချီးကျူးခြင်းခံရသော ကျန်းမာရေး လုပ်သားများအတွက် ငွေ မသုံးခဲ့ပါက မရိုးသားသည့်သဘော ဖြစ် လာမည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ 

ပြင်သစ်တွင် ယခင်က သူနာပြု တစ်ဦးလျှင် လစာ ယူရို ၁၅၀၀ ရရှိပြီး၊ ဥနဃီ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လုပ်ခ လစာအနည်းဆုံးထဲ ပါနေသည်။ 

ကြီးမားသော ရင်းနှီးထည့်ဝင်မှုများ၊ အလုပ်ချိန်ဆိုင်ရာ စည်းမျဉ်းများ၊ အလုပ်ပင်ပန်းသော်လည်း တက်ကြွစွာတာဝန်ထမ်းဆောင်နိုင်မည့် အချိန်စာရင်းများ စသည့် ကြီးကြီးမားမားအပြောင်းအလဲများ ဆောင်ရွက်မည်ဟု ပြင်သစ်ဝန်ကြီးချုပ်က ကတိပေးထားသည်။ 

“လက်တွေ့ကျကျ ဆောင်ရွက်ပါမယ်။ ယခုဆွေးနွေးချက်များက ဘယ်ထိသွားမယ်ဆိုတာ မသိသေးပါဘူး။ ဒါပေမဲ့ အတားအဆီး အကန့်အသတ်တွေကိုလည်း ဖယ်ရှားရဦးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုထားသည်။ 

အလုပ်ပိခြင်း၊ ဝန်ထမ်းနည်းပါးခြင်းတို့ ကြုံနေရသောအချိန်တွင် မကျေနပ်မှုများ များပြားနေခဲ့ပြီးနောက် လာမည့် သုံးနှစ်အတွင်း ဆေးရုံများကို အဆင့်မြှင့်ရန်အတွက် ယူရို ၁ ဒသမ ၅ ဘီလီယံ အသုံးပြုမည်ဟု အစိုးရက ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ကတိပြုခဲ့သည်။ 

ထောင်ပေါင်းများစွာသော သူနာပြုများကို အပိုဆုကြေးငွေ ချီးမြှင့်ရန်လည်း အစီအစဉ်တွင် ပါဝင်သည်။ 

ဆေးရုံများ၏ ကြွေးမြီ ယူရို ၁၀ ဘီလီယံကို ဖြေလျှော့ပြီး ရင်းနှီးမြှုပ်နှံမှု အသစ်များအတွက် ချေးငွေများ ထုတ်ပေးမည်ဟု ပြင်သစ်အစိုးရက ကတိပြုထားသည်။

F-02