News

POST TYPE

NEWS

ကရဝိက်နန်းတော်တင်ဒါတွင် ပါဝင်သည့်မြေသည် စည်ပင်ထံ နှစ်စဉ်အခွန်ဆောင်ထားဟု ဇေကမ္ဘာကုမ္ပဏီဆို
14-Jul-2020


ရန်ကုန်၊ ဇူလိုင် ၁၃

နှစ် ၃၀ လုပ်ကိုင်ခွင့်ရရှိထားသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်ကန်တော်ကြီးမျှော်စင် ကျွန်းအပါအဝင်မြေ ၁၉ ဒသမ ၁၁ ဧကအတွက် နှစ်စဉ်မြေငှားခ ကျပ်သိန်း ၄၀၀၀ ကျော် ပေးသွင်းလျက်ရှိကြောင်း ကရဝိက်ဥယျာဉ်ထံမှသိရသည်။

လက်ရှိတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ကရဝိက်နန်းတော်တွင် ထည့်သွင်းတင်ဒါခေါ်ယူသည့် မြေ ၃ ဒသမ ၄၅ ဧက အငြင်းပွားမှုကြောင့် တင်ဒါဖွင့်မည့်ရက်ကို ရပ်ဆိုင်းထားပြီး ဌာနဆိုင်ရာအချင်းချင်း ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

စည်ပင်သာယာရေးကော်မတီနှင့်ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကန်တော်ကြီးမျှော်စင်ကျွန်းမြေ အငြင်းပွားမှုအတွက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှစ်စပိုင်းက အပြန်အလှန် မြေယာကော်မတီဖွဲ့ကာ ဖြေရှင်းမှုများပြုလုပ်ခဲ့ပြီး လက်ရှိတွင် ဒုတိယအကြိမ် ပြန်လည်ညှိနှိုင်းရခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ဇေကမ္ဘာကုမ္ပဏီသည် အဆိုပါလုပ်ကိုင်ခွင့်များကို နှစ် ၃၀ BOT စာချုပ်ဖြင့် လုပ်ကိုင်ခွင့်ရရှိထားပြီး လက်ရှိတွင်စာချုပ်သက်တမ်း နှစ် ၂၀ ကျန်ရှိကာ နှစ်စဉ်ပေးသွင်းရသည့် မြေငှားရမ်းခကို တစ်နှစ်စာချုပ်စီဖြင့် မြေတန်ဖိုး ပြောင်းလဲမှုအလိုက် ပေးသွင်းနေရခြင်းဖြစ် ကြောင်း အဆိုပါလုပ်ငန်းထံမှသိရသည်။

လက်ရှိကန်တော်ကြီး မျှော်စင်ကျွန်းအပါအဝင်သင်္ဘောသားကျွန်း ဝင်ပေါက် ၁ ၊ ၂ တွင် ငှားရမ်းထားသည့် ဆိုင်ပေါင်း ၄၀ကျော်ရှိပြီး လက်ရှိတွင် ၇ ဆိုင်ခန့် အခန်းပြန်အပ်မှုများရှိကာ မျှော်စင်ကျွန်းလူဝင်ခွင့်ကို ဧပြီလမှ ဇူလိုင်လ ၄ ရက်နေ့အထိ ပိတ်သိမ်းထားရပြီး ၆၀ ရာခိုင်နှုန်းခန့် လူဝင်မှုကျဆင်းခဲ့ကြောင်း သိရသည်။

စည်ပင်သာယာရေးကော်မတီက ပန်းခြံငှားရမ်းမှုများအတွက် ဧပြီလနှင့်မေလတွင် ကင်းလွတ်ခွင့်ပြုထားပြီး ဇွန်လအတွက် ဖြေလျှော့မှုကိုမူ မသိရှိရသေးကြောင်း ကရဝိက်ဥယျာဉ်မှ အထွေထွေမန်နေဂျာ ဦးမင်းမောင်မောင်စိုးက ပြောကြားသည်။  

J-03