News

POST TYPE

NEWS

မုံရွာ ရွှေစည်းခုံစေတီတွင် လူမှုထူးချွန်ဆုရ ဂေါပကဥက္ကဋ္ဌပုံတူ စိုက်ထူ
14-Jul-2020


မုံရွာ၊ ဇူလိုင် ၁၃

မုံရွာမြို့၏ အထင်ကရစေတီတစ်ဆူဖြစ်သည့် ရွှေစည်းခုံစေတီဂေါပကအဖြစ် နှစ်ပေါင်း ၃၀ ကျော်လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် ဂေါပကဥက္ကဋ္ဌတာယန်ယူထားသည့် သဒ္ဓမ္မဇောတိကဓဇဘွဲ့နှင့်လူမှုထူးချွန်ဆုရထားသည့် ဦးဉာဏ်အောင်၏ ကိုယ်တစ်ပိုင်းပုံ ကြေးသွန်းရုပ်တု စိုက်ထူမည်ဖြစ်ကြောင်း ဘုရားအုပ်ချုပ်ရေးရုံးအဖွဲ့ထံမှသိရသည်။

ရွှေစည်းခုံစေတီ အရှေ့မြောက်ထောင့်၌ ဦးဉာဏ်အောင်၏ကိုယ်တစ်ပိုင်းပုံ ကြေးသွန်းရုပ်တုထားမည့် မော်ကွန်းစာ ရေးထားသည့်အုတ်ခုံကို ဇူလိုင်လ ၃ ရက် က စိုက်ထူခဲ့ခြင်းဖြစ်သည်။

မော်ကွန်းစာတွင် နိုင်ငံတော်အစိုးရက ချီးမြှင့်သည့်ဘွဲ့များ၊ အမြင့်မြို့ဟောင်းတွင် ၁၉၅၇ ခုနှစ်မှစတင်ကာ ဂေါပကအဖြစ် တာဝန်ယူမှုများ၊ ၁၉၉၁ ခုနှစ်မှစ၍ ရွှေစည်းခုံစေတီဂေါပကအဖြစ် တာဝန်ယူမှုနှင့် မိသားစုအလှူဒါနများကို ဖော်ပြထားသည်။ 

“ခုခေတ်လူငယ်တွေ ငါတို့ကဘွဲ့မရဘူးကွာဆိုပြီး စိတ်မပျက်စေချင်ဘူး၊ ဘဘကမိသားစုစားဝတ်နေရေးကြောင့် လေးတန်းမှာ ကျောင်းထွက်ရတယ်။ စီးပွားရေးလုပ်တယ်၊ စီးပွားရေးရောဘာသာရေးမှာပါ အောင်မြင်တယ်၊ လှူနိုင်တန်းနိုင်တယ်။ လူငယ်တွေအတုယူစေချင်လို့ ရုပ်တုစိုက်ထားခဲ့တာ”ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်အောင်က ပြောကြားသည်။ 

ဦးဉာဏ်အောင်သည် လက်ရှိတွင် အသက် ၈၇ နှစ်အရွယ်ရှိပြီဖြစ်ကာ နိုင်ငံတော်အစိုးရက အပ်နှင်းသည့် လူမှုထူးချွန်ဆုကို ၂၀၀၅ ခုနှစ်တွင်ရရှိခဲ့ပြီး  ၂၀၀၇ ခုနှစ်တွင် သဒ္ဓမ္မဇောတိကဓဇဘွဲ့ချီးမြှင့်ခံခဲ့ရသည်။  

မုံရွာမြို့တွင် ဆုတောင်းပြည့် ရွှေစည်းခုံအပါအဝင် မိုးညှင်းသမ္ဗုဒ္ဒေနှင့် ဗောဓိတစ်ထောင်ဘုရားတို့တွင် ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွား မှုမရှိစေရန် ယခုနှစ်ဧပြီလကစ၍ လက်ရှိအချိန်ထိ ပိတ်ထားသည်။ 

R-08