News

POST TYPE

NEWS

BOT အဆောက်အအုံများကို ကွန်ဒိုအဖြစ်သတ်မှတ်နိုင်ရန် ညှိနှိုင်းမည်
14-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၃

BOT စနစ်ဖြင့် ငှားရမ်းဆောက်လုပ်ထားသည့် အဆောက်အအုံများကို စုပေါင်းပိုင်မြေပေါ်တွင် တည်ဆောက်ထားသည့် ကွန်ဒိုများအဖြစ် သတ်မှတ်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက သက်ဆိုင်ရာနယ်ပယ်များအလိုက် ဆွေးနွေး မှုများပြုလုပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းထိန်က ပြောကြားသည်။

"လက်ရှိထွက်ရှိထားတဲ့ ကွန်ဒိုဥပဒေနဲ့ပတ်သက်ပြီး အချက်အချို့ကို ပြင်ဆင်နိုင်အောင်လုပ်နေတယ်။ ညှိနှိုင်းမှု တွေလုပ်တဲ့နေရာမှာ အရင်သတ်မှတ်ထားတဲ့ မြေအကျယ်ကန့်သတ်ချက်ဖြေ လျှော့မှု၊ နိုင်ငံခြားသားကွန်ဒိုဝယ်ယူနိုင်တဲ့ အချိုးအစား၊ BOT အဆောက်အအုံ တွေကို ကွန်ဒိုအဖြစ်သတ်မှတ်နိုင်ရေးတွေ ပါဝင်တယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။

လက်ရှိ ၂၀၁၉ ခုနှစ်တွင်ထွက်ရှိခဲ့သည့် စုပေါင်းပိုင်အဆောက်အအုံဥပဒေတွင် ကွန်ဒိုအဖြစ်သတ်မှတ်သည့် အဆောက် အအုံအကျယ်သည် အနိမ့်ဆုံး ၂၀,၀၀၀ စတုရန်းပေ (တစ်ဧက)ကျယ်ဝန်းရမည့် အချက်နေရာတွင် အကျယ်အဝန်း ၁၅,၀၀၀ စတုရန်းပေအဖြစ် ဖြေလျှော့ပေးမည့် အချက်ပါဝင်သည်။

ထို့ပြင် နိုင်ငံခြားသားနှင့် နိုင်ငံသားအိမ်ရာပိုင်ဆိုင်ခွင့် အခန်းအချိုးအစားကိုလည်း ယခင် နိုင်ငံသား ၆၀ ရာခိုင်နှုန်းနှင့် နိုင်ငံခြားသား ၄၀ ရာခိုင်နှုန်းအချိုးကျ သတ်မှတ်ရာမှ နိုင်ငံသား ၅၁ ရာခိုင်နှုန်းနှင့်နိုင်ငံခြားသား ၄၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

လက်ရှိ၌ ကွန်ဒိုဥပဒေထွက်ရှိထားသော်လည်း နည်းဥပဒေထွက်ရှိရန် လုပ်ဆောင်နေသည့်အတွက် တရားဝင်မှတ်ပုံတင်နိုင်သည့် အဆောက်အအုံမဖြစ်သေးသော်လည်း ကွန်ဒိုအဖြစ်ပြောင်းလဲသတ်မှတ်နိုင်ရန် သက်ဆိုင်ရာဌာနများတွင် လာရောက်လျှောက်ထားသည့် အဆောက်အအုံများရှိနေပြီး အဆိုပါလျှောက်ထားမှုကို အတည်ပြုနိုင်ပါက ကွန်ဒိုအဖြစ်မြေကို  အချိုးကျပိုင်ဆိုင်ခွင့်နှင့် မြေပိုင်ဆိုင်မှုများ ဝယ်ယူသူကရရှိနိုင်မည်ဖြစ်သည်။

"အချိုးအစားပြောင်းလဲတာက ဒါကောင်းတဲ့အချက်ပါ။ ဒါပေမဲ့လည်း အခုအချိုးအစားအတိုင်း ဝယ်ဖို့ကိုတောင်  အတည်မပြုနိုင်သေးဘူး။ BOT မြေကို ကွန်ဒိုအဖြစ်ပေးရင်တော့ တိုင်းရင်းသား လုပ်ငန်းရှင်တွေ အကုန်အထိနာကုန်မယ်။ BOT ဆိုတာက မြေငှားပြီးဆောက်ထားတာဖြစ်လို့ အချိုးနဲ့ကုန်ကျစရိတ်တွက်ရင် ထက်ဝက်တောင် သူတို့ကသက်သာတယ်" ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်ကပြောဆိုသည်။

လက်ရှိ ညှိနှိုင်းဆွေးနွေးမှုများသည် လက်ရှိအစိုးရသက်တမ်းတွင် ပြီးစီးရန်ခက်ခဲသည့်အတွက် နောက်အစိုးရသက်တမ်းမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှသိရသည်။         

J-03