News

POST TYPE

NEWS

COVID-19 ရောဂါပိုး ကူးစက်ခံထားရသော်လည်း လေ့ကျင့်မှုအဆက်မပြတ်ပြုလုပ်နေဟု အောင်လဆို
14-Jul-2020


ရန်ကုန်၊ ဇူလိုင် ၁၃

COVID-19 ရောဂါပိုးကူးစက်ခံထားရသော်လည်း ဂျပန်နိုင်ငံတွင်ကျင်းပမည့် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ခြင်းကြောင့် လေ့ကျင့်မှုအဆက်မပြတ်ပြုလုပ်နေကြောင်း အောင်လအန်ဆန်က ပြောသည်။

One Championship သည် မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲပါဝင်သည့် hf Infinity-1 ပြိုင်ပွဲကို အောက်တိုဘာတွင် ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးက ထုတ်ပြန်ကြေညာထားသည်။

ထို့ကြောင့် COVID-19 ရောဂါပိုး ကူးစက်ခံထားရသည့် အောင်လသည်နေအိမ်၌ပင် လေ့ကျင့်မှုပြုလုပ်လျက်ရှိပြီး သက်သာလာပြီဖြစ်ကြောင်းဆိုသည်။

“လက်ရှိကျွန်တော့်အခြေအနေကတော့ပုံမှန်လိုပြန်ဖြစ်နေပါပြီ။လေ့ကျင့်မှုတွေလည်း အဆင်မပြတ်လုပ်နေတယ်။ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအတွက် စိတ်လှုပ်ရှားမိတယ်”ဟု အောင်လကပြောသည်။

One Championship သည် ယခုနှစ်အတွင်းကျင်းပမည့် ပြိုင်ပွဲများကို  ဇူလိုင်လဆန်းပိုင်းတွင် ပြန်လည်အတည်ပြုခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် ONE Infinity-1 ပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်တွင် ဂျပန်နိုင်ငံ၌ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ 

အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ဧပြီ  ၁၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရန်  စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခဲ့ရသလို မေလကုန်တွင်  ပြန်လည်ကျင်းပရန်စီစဉ်ထားသော်လည်း  ရောဂါအခြေအနေကြောင့် ထပ်မံရွှေ့ဆိုင်းခဲ့ရသည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့်  ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး သုံးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်။ 

ဘစ်ဒက်ရှ်နှင့်ပွဲမှာ အောင်လအန်ဆန်အတွက် လေးပွဲမြောက်မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲဖြစ်ပြီး ၎င်းသည်ယခုနှစ်အတွင်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်။ 

One Championship သည် ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ဖေဖော်ဝါရီကတည်းက ပြိုင်ပွဲများရပ်နားထားပြီး ပထမဆုံးပွဲအဖြစ် ဇူလိုင် ၃၁ ရက်တွင် ထိုင်းနိုင်ငံ၌ ပရိသတ်မပါဘဲ ပြန်လည်ကျင်းပမည်ဖြစ်သည်။ 

One Championship ၏ ထုတ်ပြန်မှုအရ ဇူလိုင် ၃၁ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ စုစုပေါင်း ၁၆ ပွဲကျင်းပမည် ဖြစ်ကြောင်းသိရသည်။ 

ချစ်ဝိုင်း