News

POST TYPE

NEWS

ပိုလန်၏ လက်ရှိကွန်ဆာဗေးတစ်သမ္မတ ပြန်လည်ရွေးကောက်ခံရ
14-Jul-2020

ဝါဆော၊ ဇူလိုင် ၁၃

ပြီးခဲ့သည့် တနင်္ဂနွေနေ့ကမဲပေးခဲ့သော ပိုလန်သမ္မတရွေးကောက်ပွဲတွင် လက်ရှိကွန်ဆာဗေးတစ်သမ္မတ အန်ဒါဇက်ဂ်ျဒူဒါက စိန်ခေါ်သူ သမ္မတလောင်း ရာဖယ်ဇက်ကောစကီးကို ကျဉ်းမြောင်းသောအနိုင်ရလဒ်ဖြင့် ဖြတ်ကျော်သွားခဲ့သည်။

သမ္မတဒူဒါသည် မဲရလဒ်များ၏ ၅၁ ဒသမ၂ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု အမျိုးသားရွေးကောက်ပွဲကော်မရှင်က ပြောကြားထားသည်။ 

၁၉၈၉ နောက်ပိုင်းတွင် ကွန်မြူနစ်ဝါဒ ပိုလန်တွင် ပြီးဆုံးသွားပြီးနောက် အနိုင်အရှုံးကျဉ်းမြောင်းသော ရလဒ်ဖြစ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် အဓိကငြင်းခုံရသော မူဝါဒမှာ ဥရောပသမဂ္ဂနှင့် ပိုလန်တို့၏ အေးစက်နေသော ဆက်ဆံရေး၏အနာဂတ်ရေးရာ ဖြစ်သည်။ 

မစ္စတာဒူဒါသည် ဆိုရှယ်ကွန်ဆာဗေးတစ်တစ်ဦးဖြစ်ကာ အမျိုးသားရေးဝါဒီတို့၏ ဥပဒေနှင့် တရားမျှတရေး ပါတီနှင့် ချိတ်ဆက်ထားသူဖြစ်ကာ ပြိုင်ဘက်ဇက်ကောစကီးသည် ဝါဆောမြို့တော်၏လစ်ဘရယ်မြို့တော်ဝန် ဖြစ်သည်။ 

တရားရေးစနစ် အငြင်းပွားဖွယ်ပြုပြင်ပြောင်းလဲမှုများနှင့် ကိုယ်ဝန်ဖျက်ချခြင်းနှင့် မိန်းမလျာအခွင့်အရေးတို့ကို ဆန့်ကျင်ခြင်းများအား သမ္မတဒူဒါက ဆက်လက်လုပ်ဆောင်ဖွယ်ရှိသည်။ 

LGBT အခွင့်အရေးခေါ် လိင်တူလွတ်လပ်ခွင့်သည် ကွန်မြူနစ်စနစ်ထက်ပို၍ ဖျက်လိုဖျက်ဆီးနိုင်ကြောင်း ပြောကြားသည့်အတွက် ရွေးကောက်ပွဲကာလအတွင်း သမ္မတကို ပြင်းထန်စွာဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ 

အချို့မဲရုံများ မဲစာရင်းတက်လာရန် ကျန်နေသေးသည့်အတွက် နောက်ဆုံးရလဒ်ကို မကြေညာသေးကြောင်း ရွေး ကောက်ပွဲကော်မရှင်က တနင်္လာနေ့နံနက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။  

သို့သော် ကျန်ရှိသည့်မဲရုံများ ရလဒ်ကလက်ရှိသမ္မတ၏ အနိုင်ရလဒ်ကို မထိခိုက်နိုင်တော့ပေ။

မဲပေးနိုင်သူ လူဦးရေ၏ ၆၈ ဒသမ၂ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ကြကြောင်း သတင်းများက ဖော်ပြထားသည်။

မဲပေးရာတွင် ပုံမှန်မဟုတ်သော ဖြစ်စဉ်များကြုံခဲ့ရသမျှကို မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း အတိုက်အခံသမ္မတလောင်းဘက်က အင်အားစုမှ ပြောကြားထားသည်။ 

F-02