News

POST TYPE

NEWS

အမေရိကန်လွှတ်တော်အမတ်နှစ်ဦးကို တရုတ်က ပြန်လည်ပိတ်ဆို့အရေးယူ
14-Jul-2020


ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၁၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှင်ကျန်ပြည်နယ်ရှိ မွတ်စလင်လူနည်းစုများကို လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ နောက်ကွယ်မှ တရုတ်အရာရှိများအား အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်၏ ထိပ်တန်း ရီပတ်ဗလစ်ကန်အမတ်များကို တရုတ်ဘက်ကလည်း ပြန်လည်ပိတ်ဆို့အရေးယူမည့် အစီအစဉ်ကို ကြေညာခဲ့သည်။ 

တရုတ်က ပိတ်ဆို့အရေးယူမည့်ဆီနိတ်တာအမတ်များတွင် တရုတ်ကိုဝေဖန်လေ့ရှိသည့် ရီပတ်ဗလစ်ကန် အမတ်များဖြစ်သည့် တက်ခရုဇ်နှင့် မာကိုရူဘီယိုတို့ပါဝင်သည်။ 

မည်ကဲ့သို့ ပိတ်ဆို့အရေးယူမည်ကိုမူ တရုတ်ဘက်က ရှင်းလင်းစွာထုတ်ပြန်သေးခြင်း မရှိပေ။ တရုတ်နိုင်ငံ အနောက်ပိုင်းတွင် အူဂါနှင့် အခြား မွတ်စလင် တစ်သန်းခန့်ကို ထိန်းသိမ်းထားသည်ဟု တရုတ်ကိုစွပ်စွဲထားပြီး  ချိုးဖောက်မှုမရှိပါကြောင်း တရုတ်ဘက်က ငြင်းဆန်ထားသည်။ 

မစ္စတာတက်ခရုဇ်သည် တက္ကဆက်ပြည်နယ်မှ ဆီနိတ်တာတစ်ဦးဖြစ်ပြီး မာကိုရူဘီယိုကဖလော်ရီဒါမှ အမတ်တစ်ဦး ဖြစ်သည်။ 

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဗလစ်ကန်၏ သမ္မတလောင်းနေရာအတွက် အဆိုပါအမတ်များက  ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင်ခဲ့ကြသည်။ 

တရုတ်က ပိတ်ဆို့အရေးယူသူများထဲတွင် ရီပတ်ဗလစ်ကန် ကွန်ဂရက်လွှတ်တော်အမတ် ခရစ်စ်စမစ်၊ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ သံတမန်ဆမ်ဘရောင်းဘက်နှင့် အမေရိကန်၏တရုတ်အရေး လွှတ်တော်ကော်မရှင်အဖွဲ့တို့ပါဝင်သည်။ 

ခုကဲ့သို့ အရေးယူရခြင်းမှာ အမေရိက၏ တလွဲလုပ်ရပ်များကြောင့် ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားသည်။ 

"အမေရိကရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်များနဲ့ တရုတ်ပြည်တွင်းရေးကို စွက်ဖက်သော၊ တရုတ်အကျိုးစီးပွားများကို ထိခိုက်စေသော စကားလုံးများ လုပ်ရပ်များကိုရပ်တန့်ဖို့ တိုက်တွန်းပါတယ်" ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအရာရှိ ဟွာချွန်းယင်ကဆိုသည်။ 

အခြေအနေများကိုကြည့်ကာ နောက်ထပ်တုံ့ပြန်မှုများလည်း တရုတ်က ပြုလုပ်သွားဦးမည်ဟု ၎င်းကဆိုထားသေးသည်။ 

ရှင်ကျန်ရှိ မွတ်စလင် လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၏ နောက်ကွယ်မှ တရုတ်နိုင်ငံရေးသမားများကို အမေရိကန်ပြည်ထောင်စုက ပြီးခဲ့သည့် သီတင်းပတ်တွင်ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သည်။

F-02