News

POST TYPE

NEWS

ဇွဲကပင်တောင်တွင် CCTVတပ်ဆင်မည်
14-Jul-2020
တောင်ငူ၊ ဇူလိုင် ၁၃

ကရင်ပြည်နယ် ဘားအံမြို့အနီး ဇွဲကပင်တောင်ပေါ်မှ တက္ကသိုလ်ကျောင်းသားနှစ်ဦး ခုန်ချသတ်သေခဲ့ပြီးနောက် တောင်ပေါ်တောင်အောက်နေရာများတွင် CCTV တပ်ဆင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်လူမှုရေး ဝန်ကြီး စောဘိုဘိုဝေမောင်က ပြောကြားသည်။

“ခုပြဿနာက လူငယ်တွေအတုယူမှားပြီး လုပ်လာမှာကို စိုးရိမ်ရတယ်။ ဒါကြောင့် တောင်တက်လမ်းတွေမှာ CCTV တပ်ဆင်တာမျိုးလုပ်ဖို့ ဆာဗေးဆင်းနေပြီ။ နောက်ပြီး ဘားအံတက္ကသိုလ်နဲ့ကောလိပ်တွေမှာ အသိပညာပေးဆွေးနွေးပွဲတွေ လုပ်ဖို့လည်း ကြိုးစားသွားမယ်”ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ဇွဲကပင်တောင်ပေါ်မှ ဘားအံတက္ကသိုလ်ကျောင်းသားနှစ်ဦး ခုန်ချသတ်သေသွားခဲ့ပြီးနောက်ပိုင်း၊ ခရီးသွားဧည့်သည်များနှင့် ဒေသခံများကို တစ်ဦးတည်း တက်ရောက်ခွင့်မပြုသည့်အပြင် နံနက်စောစောနှင့် ညနေမိုးချုပ်အချိန်များတွင် တက်ရောက်ခွင့်ကန့်သတ်မည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့က ပြောဆိုထားသည်။

ဘားအံမြို့အနီးတွင် ဇွဲကပင်တောင်၊ ကြာအင်းတောင်နှင့် တောင်ဝိုင်းတောင်များရှိနေကာ ဇွဲကပင်တောင်ကိုသာ ကန့်သတ်ထိန်းချုပ်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး တောင်ပေါ်တောင်အောက်တွင် လုံခြုံရေးချထားမှသာ အဆင်ပြေဖွယ်ရှိသည်ဟု ဘားအံဒေသခံများက ပြောဆို သည်။

ကရင်ပြည်နယ် မြ၀တီမြို့တွင် နေထိုင်သည့် ဘားအံတက္ကသိုလ် ဂုဏ်ထူးတန်းကျောင်းသူသည် ဇွန်လ၂၅ ရက်နေ့ နံနက်က တောင်ပေါ်မှခုန်ချခဲ့ပြီးနောက် နှစ်ရက်ခန့်အကြာမှသာ အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။

ယင်းကျောင်းသူခုန်ချသတ်သေခဲ့ပြီးနောက် ၁၅ ရက်အကြာ ဇူလိုင် ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်ကလည်း ဘားအံမြို့နယ် ကျားလေးကျေးရွာမှ ဘူမိဗေဒကျောင်းသားမောင်စွန်မင်းမော် ကွန်း(၂၁နှစ်)သည် သေတမ်းစာတစ်စောင်ရေးပြီး တောင်ပေါ်မှန်ပြင်တံတားပေါ်မှ ခုန်ချသတ်သေခဲ့ရာ ယင်းနေ့ညနေ ၅ နာရီခန့်အချိန်တွင် ၎င်း၏အလောင်းကို  ပြန်လည်တွေ့ရှိခဲ့သည်။ 

ပြင်သစ်နိုင်ငံသူတစ်ဦးသည်လည်း ၂၀၁၉ ခုနှစ်အတွင်းက ဇွဲကပင်တောင်မှ ခုန်ချသတ်သေခဲ့ဖူးသည်။ 

ဇွဲကပင်တောင်ပေါ်မှခုန်ချသေဆုံးသူပေါင်း လက်ရှိအချိန်အထိ သုံးဦးရှိလာပြီဖြစ်ရာ ယခုကဲ့သို့သော ဖြစ်ရပ်ဆိုးများကြောင့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှု နည်းပါးလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

R-02