News

POST TYPE

NEWS

လိုအပ်သည့်ကုန်စည်တင်သွင်းမှုနှင့် ပတ်သက်သည့် သတ်မှတ်ချက်များထုတ်ပြန်
13-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၃

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ ၁၃ အရ သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သည့်ကုန်စည်များ တင်သွင်းမှုနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်လိုက်သည်။

စီးပွား/ကူးသန်း ဝန်ကြီးဌာနသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက အမိန့်ကြေညာစာအမှတ် ၉၃/၂၀၁၅ ဖြင့် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် သွင်းကုန်လိုင်စင်ရယူ တင်သွင်းရမည့်ပစ္စည်းများအတွက် ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ကုန်ပစ္စည်းများ ကြိုတင်ရောက်ရှိခြင်းမရှိစေရဟု သတ်မှတ်ထားကြောင်း သိရသည်။

သို့ရာတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန) က ၂၀၁၉ ခုနှစ် ဩဂုတ်လက အမိန့်ကြေညာစာအမှတ် ၆၈။၂၀၁၉ ဖြင့်ထုတ်ပြန်ထားသည့် အကောက်ခွန်သိုလှောင်ရုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် အထက်ပါသတ်မှတ်ချက်ကို သွင်းကုန်လိုင်စင် ရယူတင်သွင်းရမည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန်သိုလှောင်ရုံသို့ထည့်သွင်းရန် တင်သွင်းလာသည့် ကုန်စည်များမှအပ ကျန်ကုန်စည်များကိုခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ကြိုတင်ရောက်ရှိခြင်း မရှိစေရဟု ပြင်ဆင်သတ်မှတ်လိုက်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနထံမှ သိရသည်။

တင်သွင်းသည့်ကုမ္ပဏီသည် သွင်းကုန်လိုင်စင် ရယူတင်သွင်းရမည့် ကုန်ပစ္စည်းများကို အကောက်ခွန် ကုန်လှောင်ရုံမှ ထုတ်ယူ၍ ပြည်တွင်းသုံးစွဲမှုအတွက်တင်သွင်းမည်ဆိုပါက လုပ်ထုံးလုပ်နည်းနှင့်အညီ သွင်းကုန်လိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းရန်အတွက်မဟုတ်ဘဲ ပြည်တွင်းသို့တိုက်ရိုက်တင်သွင်း လာမှုနှင့်ပတ်သက်၍ လိုင်စင်လျှောက်ထားရန်လိုအပ်သည့်ကုန်စည်များကို စီးပွား/ကူးသန်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်လိုင်စင်မရရှိဘဲတင်သွင်းပြီး ဆိပ်ကမ်းသို့ကြိုတင်ရောက်ရှိပါက အဆိုပါတင်သွင်းသည့် ကုမ္ပဏီကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

S-07