News

POST TYPE

NEWS

ပုဂံတွင် အမှိုက်ခွဲခြားစွန့်ပစ်စနစ်ကျင့်သုံးနိုင်ရန် နေရာငါးခုတွင် ကနဦးစမ်းသပ်
13-Jul-2020
မန္တလေး၊ ဇူလိုင် ၁၂

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အမှိုက်ခွဲခြားစွန့်ပစ်စနစ် ကျင့်သုံးနိုင်ရန်နေရာငါးခုတွင်ကနဦး  စမ်းသပ်လုပ်ဆောင်မည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှသိရသည်။ 

အမှိုက်ခွဲခြားစွန့်ပစ်ခြင်းနှင့်အချက်အလက် ကောက်ယူခြင်းလုပ်ငန်းကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးကပြုလုပ်သည့် စဉ်ဆက်မပြတ် ဟန်ချက်ညီသောစီမံကိန်းအရ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းနှင့် အချက်အလက်ကောက်ယူခြင်းလုပ်ငန်းတွင် အမှိုက်အမျိုးအစားများကောက်ယူခြင်း၊ သင်တန်းပေးခြင်း၊ သရုပ်ပြခြင်းလုပ်ငန်းများပါဝင်မည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင်က ပြောကြားသည်။

''ဒီထဲမှာ မလွဲမသွေခွဲခြားရမှာကတော့ ပလတ်စတစ်ပဲ၊ ဒါကတော့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာ လုပ်တာပေါ့။ အချက်အလက်တွေ ကောက်တာကတော့ အိမ်ခြေ ၅ဝ ဖြစ်ချင်ဖြစ်မယ်၊ တစ်ရာဖြစ်ချင်ဖြစ်မယ်ပေါ့။ ဒါတွေကို ဘယ်လိုလုပ်ကြမလဲဆိုတာကို ပြည်သူ့ဆန္ဒနဲ့အညီ ပူးပေါင်းပါဝင်ဖို့ကို ဒီတစ်ပတ်အတွင်း လုပ်မယ်'' ဟု ၎င်းကရှင်းပြသည်။ 

ယင်းသို့လုပ်ဆောင်ရာတွင် လုပ်ငန်းစဉ်ငါးရပ်ဖြင့်ဆောင်ရွက်မည်ဖြစ်ကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဝက်ကြီးအင်း၊ တောင်ဘီ၊ မြင်းကပါ၊ သူဌေးကန်နှင့် မင်းနန်သူကျေးရွာများကို အခြေပြုဆောင်ရွက်မည်ဖြစ်သည်။

အချက်အလက်ကောက်ယူမည့် ကျေးရွာများအတွင်း သင်တန်းပေးခြင်းနှင့်အသိပညာပေးခြင်းများ ပြုလုပ်မည်ဖြစ်ကာ အချက်အလက် ကောက်ယူခြင်း နှင့် အမှိုက်ခွဲခြားစွန်ပစ်ခြင်းလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁၉,ဝဝဝ အသုံးပြုမည်ဖြစ်ကြောင်း ညောင်ဦး မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ရတီ