News

POST TYPE

NEWS

အထက်တန်းကျောင်းများတွင် အထက်တန်းပြ တစ်သောင်းခွဲခန့်လိုအပ်
13-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၂

အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲ များတွင် အထက်တန်းပြဆရာ၊ ဆရာမ တစ်သောင်းခွဲခန့် လိုအပ်နေကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၃,၀၀၀ ကျော်ကို အဆင့် တိုးမြှင့်ပေးထားရာ အထက်တန်းကျာင်း ၁၆၁ ကျောင်းနှင့် အထက်တန်းကျောင်းခွဲ ၅၂၃ ကျောင်းပါဝင်လာရာ ယင်းကျောင်း များတွင် ခန့်ထားနိုင်ရန်အတွက် အထက်တန်းပြများ လိုအပ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အားလုံးပေါင်း တစ်သောင်းခွဲ လောက်လိုပါတယ်။ အခုရာထူးနဲ့ ဖြည့်ဆည်း ဖို့ လုပ်နေတယ်။ အဲဒါမှ လိုအပ်တဲ့အရေ အတွက် မပြည့်ဘူးဆိုရင် အပြင်က နေ့စား လပေးဆရာ၊ ဆရာမတွေနဲ့ ခန့်ထားမယ်” ဟု ဒေါက်တာတင်မောင်ဝင်းကဆိုသည်။

ယင်းကဲ့သို့ အခြေခံပညာအထက်တန်းကျောင်းများတွင် အထက်တန်းပြ များလိုနေမှုကို ဖြည့်ဆည်းရန် B.Ed  ဒုတိယနှစ်တက်ရောက်ဆဲ အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ်များကို အထက်တန်း ပြလစာဖြင့် အထက်တန်းပြများအဖြစ်လည်းကောင်း၊ B.Ed ပထမနှစ်တက် ရောက်ဆဲ အလယ်တန်းပြ၊ မူလတန်း ကျောင်းအုပ်များကို အထက်တန်းပြ (ယာယီ) အလယ်တန်းပြလစာဖြင့် ခန့်ထားခွင့်ပြုပြီး ပထမနှစ် အောင်မြင်ကြောင်းထောက်ခံစာရရှိပါက အထက်တန်းပြအဖြစ် ရာထူးတိုးခွင့်ပြုထားသည်။

အထက်တန်းပြရာထူးတိုးခန့်ထားခွင့်ပြုသည့် ညွှန်ကြားချက်ကြောင့် လက်ရှိတွင် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေး မှူးရုံးများမှတစ်ဆင့် သတ်မှတ်ချက်များနှင့်ကိုက်ညီသူများ ရာထူးတိုးလျှောက်ထားနိုင်သည်ကို မြို့နယ်ပညာရေးမှူးရုံးများက အသိပေးကြေညာနေပြီဖြစ်သည်။

အခြေခံပညာအထက်တန်း ကျောင်းများနှင့် ကျောင်းခွဲများတွင် အထက်တန်းပြလိုအပ်ချက် များပြားနေရခြင်းမှာ ကျောင်းအဆင့်တိုးများများပြား လာခြင်းကြောင့်ဖြစ်ပြီး ပညာရေးဝန်ကြီး ဌာနအနေနှင့် ပညာသင်နှစ်သုံးနှစ်အတွင်း ကျောင်းပေါင်းတစ်သောင်းကျော်ကို အဆင့်တိုးမြှင့်ပေးခဲ့ကြောင်း အခြေခံပညာ ဦးစီးဌာန စာရင်းများအရ သိရသည်။

S-09