News

POST TYPE

NEWS

အိန္ဒိယ ဘောလိဝုဒ်အကျော်အမော် အမီတာဘာဂျန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ
13-Jul-2020


မွန်ဘိုင်း၊ ဇူလိုင် ၁၂

အိန္ဒိယ၏ လူသိအများဆုံးရုပ်ရှင် သရုပ်ဆောင်အနုပညာရှင် တစ်ဦးဖြစ်သော အမီတာဘာဂျန်းတွင် Covid-19 ကူးစက်ခံထားရသည်ဟု စစ်ဆေးတွေ့ရှိရကြောင်း ၎င်းက Twitter မှတစ်ဆင့် ပရိသတ်များကို ပြောကြားခဲ့သည်။ 

“ကျွန်တော် ကိုဗစ် စစ်ဆေးတွေ့ရှိပါတယ်။ ဆေးရုံကိုပြောင်းရပါပြီ။ ဆေးရုံဝန်ထမ်းတွေ၊ မိသားစုနဲ့ဝန်ထမ်းတွေလည်း ဆေးစစ်ရပါတယ်။ ရလဒ်တွေကို စောင့်နေပါတယ်” ဟု ၎င်းက Twitter တွင် ရေးသားထားသည်။ 

မင်းသားကြီး အမီတာဘာဂျန်း၏ သားဖြစ်သူ အဘီရှက်ဘာဂျန်းသည်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း Twitter ပေါ်သို့ အတည်ပြု တက်ရေးထားသည်။ 

လွန်ခဲ့သည့် နှစ်ငါးဆယ်ကတည်းက ရုပ်ရှင်စတားတစ်ဦးဖြစ်ခဲ့သော အမီတာသည် ယခု အသက် ၇၇ နှစ်အထိ အောင်မြင်ဆဲဖြစ်ကာ ရုပ်ရှင်ကားပေါင်း ၂၀၀ တွင် ပါဝင်ခဲ့သည်။ 

မင်းသားကြီးနှင့် သားဖြစ်သူတို့ သည် မွန်ဘိုင်းမြို့ နာနာဗာတီဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရပြီး သားအဖနှစ်ယောက်လုံးတွင် ပျော့သော ရောဂါလက္ခဏာများသာ မြင်ရသည်ဟု ဆိုထားသည်။ 

ပြီးခဲ့သည့် ၁၀ ရက်အတွင်း ၎င်းနှင့် ထိတွေ့ခဲ့သူများ စစ်ဆေးမှုခံယူကြရန် မင်းသားကြီးက တိုက်တွန်းထားသည်။ 

ကျန်မိသားစုဝင်များတွင်တော့ ရောဂါကူးစက်ခံထားရမှုများ မတွေ့ရကြောင်း စစ်ဆေးမှုရလဒ်များကို ကိုးကားလျက် ပြည်တွင်းမီဒီယာများက ဖော်ပြထားသည်။ 

မင်းသားကြီး၏ မွန်ဘိုင်းမြို့ နေအိမ်အပြင်ဘက်တွင် ထိန်းချုပ်ထားသောဧရိယာဖြစ်ကြောင်း မွန်ဘိုင်း မြူနီစီပယ် အရာရှိများက ကြေညာထားသည်။ 

“ချစ်လှစွာသော အမီတာဂျီး၊ တစ် နိုင်ငံလုံးနဲ့အတူ ခင်ဗျားမြန်မြန်သက်သာလာဖို့ ဆုတောင်းပါတယ်။ ခင်ဗျားဟာ ဒီတိုင်းပြည်က လူသန်းပေါင်းများစွာရဲ့ ချစ်ခင်လေးစားရသူ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးက ဂရုစိုက်ကြမှာ ဖြစ်ပါတယ်။ အမြန်ဆုံးသက်သာပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ကျန်းမာရေးဝန်ကြီး ဟာ့ရှ်ဗာဒန်းက ပြောကြားသည်။ 

ယခုအခါ အိန္ဒိယသည် ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရမှုဖြစ်စဉ် တတိယအများ ဆုံးနိုင်ငံဖြစ်နေပြီး လူရှစ်သိန်းခွဲကျော် ကူးစက်ခံထားရကာ နှစ်သိန်းနှစ်သောင်းကျော် သေဆုံးထားသည်။

 F-02