News

POST TYPE

NEWS

Mask မတပ်ဟု ငြင်းဆိုခဲ့သည့် သမ္မတထရမ့် ပထမဆုံးအကြိမ် Mask တပ်ကာ အများပြည်သူရှေ့ထွက်
13-Jul-2020


ဝါရှင်တန်၊ ဇူလိုင် ၁၂

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကမ္ဘာ့ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး နှာခေါင်းစည်း Mask မတပ်ဘဲ ယင်းကိစ္စကို ဆက်တိုက်ငြင်းဆန်ခဲ့သူ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် ဇူလိုင်လ ၁၂ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် Mask တပ်ကာ အများပြည်သူရှေ့သို့ ထွက်လာကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဝါရှင်တန်မြို့ပြင်ရှိ Walter Reed စစ်ဆေးရုံတစ်ခုသို့သွားရောက်လည်ပတ်ပြီး ဒဏ်ရာရစစ်သားများနှင့် ကျန်းမာရေးအမှုထမ်းများနှင့်တွေ့ဆုံစဉ် သမ္မတထရမ့်က Mask တပ်ခဲ့ခြင်းဖြစ်သည်။ 

“ကျွန်တော့် Mask တပ်တဲ့ကိစ္စကို ဆန့်ကျင်ခဲ့တာမျိုးဘယ်တော့မှမလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်ယုံကြည်တာ တစ်ခုကိုပြောရရင် အချိန်နဲ့ နေရာဆိုတာ ရှိတယ်” ဟု သမ္မတထရမ့်က ပြောကြားသည်။ 

သမ္မတထရမ့်သည် ယခင်က သူ့ အနေနှင့် Mask တပ်မည်မဟုတ်ကြောင်း ပြောခဲ့ဖူးပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ဒီမိုကရက်တစ်ပါတီမှ ပြိုင်ဘက် ဂျိုးဘီဒင်ကိုလည်း လှောင်ပြောင်သရော်ခဲ့ဖူးသည်။ 

သို့သော် ယခုတစ်ကြိမ်တွင်မူ ၎င်းက “ခင်ဗျားအနေနဲ့ ဆေးရုံတစ်ခုခု၊ ဒါမှ မဟုတ် လူတွေများတဲ့နေရာတစ်ခုခုရှိရာ ကို သွားရင် တပ်သင့်တယ်လို့ကျွန်တော်ထင်တယ်။ အဲလိုနေရာတွေမှာ Mask တွေဟာ အင်မတန်အကျိုးရှိတဲ့အရာတွေပါ” ဟု ပြောသည်။ 

အမေရိကန်ပြည်ထောင်စုတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လျက်ရှိပြီး ယမန်နေ့က ၂၄ နာရီ အတွင်း ကူးစက်ခံရသူ ၆၆,၀၀၀ ကျော် အထိရှိလာပြီးနောက် ထရမ့်က Mask တပ်သည့်ကိစ္စအပေါ် လေသံပြောင်းသွား ခြင်းလည်းဖြစ်သည်ဟု BBC သတင်း ဌာနကဆိုသည်။ 

အမေရိကန်ပြည်ထောင်စု ကူးစက် ရောဂါများ ထိန်းချုပ်ရေးစင်တာ (CDC) က အမေရိကန်ပြည်သူများအနေနှင့် အများ ပြည်သူနှင့်သက်ဆိုင်သော နေရာများသို့ သွားရောက်လျှင် Mask သို့မဟုတ် အဝတ်တစ်ခုခုဖြင့် မျက်နှာကိုအုပ်သွားရန် လမ်းညွှန်ချက်ထုတ်ပြန်ထားသည်။ 

အမေရိကန်ပြည်ထောင်စုတွင် ယင်းကပ်ရောဂါစတင်ဖြစ်ပွားချိန်က သမ္မတထရမ့်က “ကျွန်တော်တော့ အဲဒါ ကြီးတပ်မှာမဟုတ်ဘူး။ မျက်နှာမှာ Mask တပ်ပြီး သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ ဘုရင်တွေ၊ ဘုရင်မတွေကို ကျွန်တော်က တွေ့ဆုံရမှာလား” ဟု ပြောခဲ့ဖူးသည်။ 

F-01