News

POST TYPE

NEWS

ပြည်သူနှင့်ဆဲဆိုရန်ဖြစ်သည့် ရဲတပ်ဖွဲ့ဝင် ၃ ဦး၏ဖြစ်စဉ်အတွက် ရဲအရာရှိများတောင်းပန်
13-Jul-2020


ပုသိမ်၊ ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အမှတ် ၆ ရပ်ကွက် ကမ်းနားလမ်းနှင့်ရွေးဗိုလ်တပ်လမ်းထောင့်အနီးတွင် ပြည်သူများကိုဆဲဆိုပြီး ဒေသခံလူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးကို ထိုးကြိတ်ရန်ဖြစ်ခဲ့သည့် ရေကြောင်းရဲ၊ ရဲတပ်ကြပ်ကြီးအပါအဝင် ၃ ဦး၏ဖြစ်စဉ်အတွက် ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်သော တာဝန်ရှိရဲအရာရှိများက မေတ္တာရပ်ခံတောင်းပန်ခြင်းကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက်က  ပုသိမ်နယ်မြေရဲစခန်းတွင် ပြုလုပ်ခဲ့သည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်၊ ရေကြောင်းရဲတပ်ဖွဲ့စု(ပုသိမ်)မှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်မိုးနိုင် ဦးဆောင်သည့် ရဲတပ်ဖွဲ့မှအရာရှိများက ပုသိမ်နယ်မြေရဲစခန်းတွင် ထိုးကြိတ်ခံရသည့် ကာယကံရှင်အပါအဝင် မြို့ခံအချို့နှင့် သတင်းမီဒီယာအချို့ကို ဖိတ်ခေါ်တွေ့ဆုံကာ ဖြစ်စဉ်အပေါ် တာဝန်ခံကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များအပေါ် နားလည်ပူးပေါင်းပေးနိုင်ရန် မေတ္တာ ရပ်ခံခဲ့ခြင်းဖြစ်သည်။

''အပြောအဆိုကြောင့် အခန့်မသင့်ဖြစ်သွားရတဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်ဖွဲ့ဝင်တွေမှားသွားတဲ့အပေါ်မှာ တပ်ဖွဲ့ဝင်တွေကိုယ်စား ကျွန်တော်တို့က တောင်းပန်ပါတယ်။ ဖြေလျှော့ပြီးတော့ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ မြို့ရွာအတွင်း လူထုအခြေပြု ရဲလုပ်ငန်းများမှာလည်း ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံပါတယ်'' ဟု ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်က ပြောကြားသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် ရဲတပ်ဖွဲ့ဝင်များ၏ ပြောဆိုဆက်ဆံပြုမူမှုကို ခွင့်လွှတ်ပေးရန်အတွက် တာဝန် ရှိသူတစ်ယောက်အနေနှင့်ရေကြောင်းရဲတပ်ဖွဲ့စု (ပုသိမ်)မှ ဒုတိယတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးအောင်မိုးနိုင်ကလည်း တောင်းပန်ခဲ့သည်။

''ရဲတပ်ဖွဲ့ဝင်တွေအပေါ် နားလည်ပါတယ်။ အမှုဖွင့်တာတွေ လုပ်မှာမဟုတ်ပါဘူး။ ခုလိုမေတ္တာရပ်ခံတာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့အပေါ် အလွန်လေးစားမိပါတယ်'' ဟု ထိုးကြိတ်ခံရသူ ပုသိမ်တက္ကသိုလ် Quarantine Center မှ စေတနာ့ဝန်ထမ်းအဖွဲ့ဝင် ဦးဝင်းနိုင်ထွန်း က ပြောဆိုသည်။

R-04