News

POST TYPE

NEWS

ပန်းတနော်တွင် ငါးထောင်သည့်မြှုံးအတွင်း မိကျောင်းသေတစ်ကောင်ဖမ်းမိ
13-Jul-2020


ပုသိမ်၊ ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ရေပေါ်ကြီးကျေးရွာအုပ်စုအထက် ကဇင်တောကျေးရွာအနီးရှိ ချောင်းပေါက်အတွင်း ထောင်ထားသည့် ငါးထောင်မြှုံး (တုပ်တန်း) အတွင်းမှ မိကျောင်းပေါက် အသေတစ်ကောင် ဇူလိုင် ၁၁ ရက်နေ့ကဖမ်းမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

သေဆုံးနေပြီဖြစ်သော မိကျောင်းပေါက်မှာ ဦးခေါင်းမှ အမြီးဖျားအထိ အလျား ၃ ပေခန့်ရှိကြောင်း၊ ငါးထောင်မြှုံး (တုပ်တန်း) ကို ဖော်ကြည့်သည့် အချိန်မှသိရှိရခြင်းဖြစ်ကြောင်း ရေပေါ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က The Voice Daily သို့ ပြောကြားသည်။

''အကြောင်းကြားလို့ သွားကြည့်တဲ့အချိန်မှာ မိကျောင်းသေက အပုပ်နံ့နည်းနည်းထွက်နေပြီ။ ဒါကြောင့်မြစ်ထဲကို  ပြန်မျှောလိုက်တယ်'' ဟု ၎င်းကဆက်လက်ပြောဆိုသည်။

တုပ်တန်းဆိုသည်မှာ မြှုံးအကြီးစားတစ်မျိုးဖြစ်ပြီး ယင်းမိကျောင်းမှာ ၁ဝ ရက်နေ့တစ်ညလုံး မြှုံးအတွင်းသို့ရောက်ရှိနေဟန်ရှိကြောင်း အစာနောက်လိုက်ရာမှ မြှုံးအတွင်းပိတ်မိကာ ရေမွန်း၍သေသွားခြင်းဖြစ်နိုင်ကြောင်း မြှုံး (တုပ်တန်း) ထောင်သူ ဦးကိုပေါက်က ပြော ကြားသည်။

''တစ်ခါမှတော့ မမိဖူးဘူး။ မြှုံးထဲကငါးကိုဝင်စားရာက ပြန်မထွက်နိုင်တော့တာဖြစ်မယ်'' ဟု ၎င်းကသုံးသပ်ပြောဆိုသည်။

မိကျောင်းပေါက်တွေ့ရှိခြင်းနှင့်ပတ်သက်၍ ချောင်းပေါက်နှင့်ဆက်စပ်နေသော ကျေးရွာအုပ်စုများအတွင်း နေထိုင်သူများအား မိကျောင်းအန္တရာယ် သတိပြုရန် လိုက်လံနှိုးဆော်ထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောဆိုသည်။

မိကျောင်းပေါက်ဖမ်းမိသည့် အထက်ကဇင်တောကျေးရွာသည် ပန်းတနော်မြို့နယ်နှင့်ညောင်တုန်းမြို့နယ် အကြား နယ်စည်းခြားနေရာတွင်ရှိပြီး အိမ်ခြေ ၉ဝ ကျော်ရှိသော မြစ်ကမ်းဘေးရှိ ကျေးရွာဖြစ်ကြောင်း၊ ၂ဝ၁၃ ခုနှစ်အတွင်းကလည်း ယခုဖမ်းမိသည့် မိကျောင်းပေါက်ထက် အနည်းငယ်ကြီးသည့် မိကျောင်းတစ်ကောင်ကို သက်ဆိုင်ရာဌာနမှ ဝန်ထမ်းများက လာရောက်ဖမ်းဆီးခဲ့ဖူးကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။    

R-04