News

POST TYPE

NEWS

ကပ်ရောဂါဘေးကြောင့် Emirates လေကြောင်းလိုင်း ဝန်ထမ်း ၉၀၀၀ လျှော့ချမည်
12-Jul-2020


ဒူဘိုင်း၊ ဇူလိုင် ၁၁

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ကြောင့် အရှေ့အလယ်ပိုင်းလေကြောင်းလိုင်း Emirates က ဝန်ထမ်း ၉၀၀၀ ခန့် လျှော့ချမည်ဖြစ်ကြောင်း လုပ်ငန်းကြီး၏ ဥက္ကဋ္ဌက ပြောကြားသည်။ 

ကမ္ဘာ့အကြီးဆုံး လေကြောင်းလိုင်း ကြီးအနေနှင့် အလုပ်အကိုင် မည်ရွေ့မည်မျှ ဆုံးရှုံးမည်ကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြောကြားလာခြင်း ဖြစ်သည်။ 

ယခုအရေးကိစ္စမပေါ်ခင်က Emirates လေကြောင်းလိုင်းတွင် ဝန်ထမ်း ခြောက်သောင်းရှိခဲ့သည်။ လေကြောင်းလိုင်းသည် ဝန်ထမ်း ၁၀ ရာခိုင် နှုန်းကို လျှော့ချမည်ဟု ကြေညာထားပြီး နောက်ထပ် နည်းနည်းထပ်လျှော့သဖြင့် ၁၅ ရာခိုင်နှုန်းထိ ရှိလာနိုင်ကြောင်း လေကြောင်းလိုင်းဥက္ကဋ္ဌ ဆာတင်ကလာ့ခ်က ပြောကြားသည်။ 

ကမ္ဘာလုံးဆိုင်ရာ လေကြောင်းလိုင်းလုပ်ငန်းကြီးသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပြီး လုပ်ငန်းအားလုံးရပ်လုနီးပါး ဖြစ်ခဲ့သည်။ 

Emirates လေကြောင်းလိုင်းသည် အခြားသူများလောက် ဆိုးရွားစွာတော့ မထိခိုက်ခဲ့ပါကြောင်း ဥက္ကဋ္ဌ ဆာတင်ကလာ့ခ်က ပြောကြားသည်။ 

ကပ်ရောဂါဘေးမတိုင်ခင် တစ်နှစ်က ဘဏ္ဍာရေးအရ အကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း၊ ယခုအခါ ဝင်ငွေထိုးကျဆင်းခဲ့ကြောင်း ၎င်းက ဆိုသည်။ 

လေကြောင်းလုပ်ငန်းများတွင် အလုပ်လျှော့ချခြင်းများ ကျယ်ပြန့်စွာရှိလာပြီး Emirates ဝန်ထမ်းများအကြား စိုးရိမ်မှုများ မြင့်တက်လာနေသည်။ 

လေကြောင်းလိုင်းဘက်မှ ဆက်သွယ်ပြောကြားမှု နည်းပါးခြင်း၊ ပွင့်လင်း မြင်သာမှုမရှိခြင်းတို့ကြောင့် စိုးရိမ်မှုများ ရှိနေခြင်းဟု ဝန်ထမ်းများဘက်ခြမ်းမှ BBC က သိရှိရသည်။ 

လေကြောင်းလိုင်းရှိ လေယာဉ် မောင်း ၄၅၀၀ အနက် ၇၀၀ ကို ဝန်ထမ်း လျှော့ကြောင်း အသိပေးစာ ယခုသီတင်း ပတ်အတွင်းက ရောက်ရှိခဲ့သည်။ လေယာဉ်မောင်းမဟုတ်သော အမှုထမ်းထောင် ပေါင်းများစွာကိုလည်း အလုပ်လျှော့ကြောင်း သတိပေးစာပို့ထားသည်။

လေကြောင်းပို့ဆောင်ရေးနှင့် ဆက်စပ်သော လုပ်ငန်းများမှ လူတစ်သန်းခန့် အလုပ်ပြုတ်နိုင်ကြောင်း နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်းက သတိပေးထားသည်။  

F-02