News

POST TYPE

NEWS

လူမှုကွန်ရက်တွင် တိုက်ခိုက်ရေးသားသူကို ကျောက်တန်းစည်ပင်ကော်မတီဥက္ကဋ္ဌက ၆၆ (ဃ) ဖြင့် အမှုဖွင့်
12-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၁

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်း မြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ ဥက္ကဋ္ဌဖြစ်သူအပေါ် ဂုဏ်သရေညှိုးနွမ်း စေမည့် စာသားများ လူမှုကွန်ရက်စာမျက်နှာ တစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည့် အမျိုးသားကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမှုအား တရားလိုပြု တိုင်ကြားသူ ဦးမျိုးကျော်မှာ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဇူလိုင် ၇ ရက်နေ့က ၎င်း၏ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် အကောင့်ဖြင့် သတင်းများ ဖတ်ရှုနေစဉ် သူငယ်ချင်းဖြစ် သူ ချစ်ဦးမောင်(ခ) ချစ်ဦး အသုံးပြုသည့် Melodica Dica အမည်ရှိ ဖေ့စ်ဘွတ်ခ် အကောင့်မှ ၎င်း၏ ဂုဏ်သရေညှိုးနွမ်းစေမည့် စာသားများရေးသားထားသည်ကို တွေ့ရှိခဲ့သည်။

Melodica Dica အမည်ရှိ ဖေ့စ်ဘွတ်ခ်အကောင့်တွင် ကျောက်တန်း မြို့နယ်ရှိ တည်ဆောက်နေဆဲ မှော်ဝန်းသုသာန်အပေါ် ဌာနဆိုင်ရာများနှင့် ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်မှု အားနည်းနေကြောင်းနှင့် NLD ပါတီမှ ရွေးချယ်တင်မြှောက်ထားသော စည်ပင်ကော်မတီဥက္ကဋ္ဌမှာ လုပ်ငန်းဆောင်ရွက်ချက်အားနည်းမှုများ ရှိသောကြောင့် ရာထူး တာဝန်မှ ပြန်လည်ဖြုတ်ချသင့်ကြောင်း စသည့် စာသားများ ရေးသားခဲ့သည်။

အဆိုပါ စာသားများ ရေးသား ဖော်ပြမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူမှ ၎င်းအပေါ် ရည်ရွယ်ကာ ဂုဏ်သရေ ညှိုးနွမ်းစေသော စာသားများ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တွင် ရေးတင်ခဲ့သည့် Melodica Dica အကောင့်ပိုင်ရှင် ချစ်ဦးမောင်(ခ) ချစ်ဦး အပေါ် ဥပဒေအရ အရေးယူပေးပါရန် တိုင်ကြားလာသောကြောင့် ကျောက်တန်းမြို့မရဲစခန်းက (ပ) ၁၀၁၆/၂၀၂၀၊ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03