News

POST TYPE

NEWS

ပညာရေးဝန်ထမ်းများ ငွေကြေးနှင့်လက်ဆောင်ပစ္စည်းများလက်ခံပါက ရာထူးမှရပ်ဆိုင်းခြင်းထက်ပြင်းထန်သည့် အရေးယူမှုများခံရနိုင်ဟုဆို
09-Jul-2020
ရန်ကုန်၊ ဇူလိုင် ၉

ကျောင်းအုပ်၊ ဆရာ၊ ဆရာမနှင့် ဝန်ထမ်းများအနေဖြင့် ငွေကြေး(သို့မဟုတ်) လက်ဆောင်ပစ္စည်းများလက်ခံပါ က ရာထူးမှရပ်ဆိုင်းခြင်းထက် ပို၍ပြင်းထန်သော အရေးယူခံရနိုင်ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

ကျောင်းသားများ တစ်ဦးနှင့်တစ်ဦးခွဲခြားဆက်ဆံခံရခြင်းများ မရှိစေရန် မိဘများအနေဖြင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမနှင့် ဝန်ထမ်းများကို ငွေကြေး (သို့မဟုတ်) လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းမပြုရန် အပါအဝင် COVID-19 ကာကွယ်ရမည့် အချက်များပါဝင်သည့် မေတ္တာရပ်ခံချက် ၁၆ ချက်ကို ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ငွေကြေး(သို့မဟုတ်) လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းကို ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်တားမြစ်ထားပြီး နေပြည်တော်ဝန်ကြီးရုံးတွင်လည်း တင်းတင်းကြပ်ကြပ်တားမြစ်ထားကြောင်း မြေပြင်အခြေအနေမှ လာဘ်ပေး၊ လာဘ်ယူမှုများကို တိုင်ကြားမှုရှိခဲ့ပါက ရာထူးမှရပ်ဆိုင်းခြင်းထက်ပြင်းထန်သော အရေးယူခံရ မှုများ ရှိနိုင်ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ရှင်းပြသည်။

“ ဆရာ၊ ဆရာမကို ဂါရဝတရားနဲ့ အိမ်သွားကန်တော့ရင်တောင် လာဘ်ပေး၊ လာဘ်ယူ အဂတိကိစ္စနဲ့ညိတယ်ဆို ရင်အရေးယူခံရမှာပါ။ အခါကြီး၊ ရက်ကြီး သီတင်းကျွတ်ကန်တော့တယ်ဆိုရင်တောင် သတ်မှတ်ထားတဲ့ စည်းကမ်းတွေရှိတယ်။ ဘယ်လောက်ထက်မပိုရဆိုတဲ့ဟာမျိုးတွေပေါ့”ဟု ၎င်းကပြောကြားသည်။

ပညာရေးဝန်ကြီးဌာနမှ မိဘများထံ မေတ္တာရပ်ခံချက်တွင် ကျောင်းသားများ၊ ကျောင်းတက်မှန်ရေး အိမ်စာမှန်မှန်လုပ်ဆောင်ရေး၊ ကျောင်းထွက်သူလုံးဝမရှိရေး၊ အလယ်တန်း၊ အထက်တန်းအဆင့်ဆင့် ဆက်လက်ပညာသင် ယူနိုင်ရေး၊ မူးယစ်ဆေးဝါး၊ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာမသုံးစွဲရေးနှင့် ဂိမ်းစွဲလန်းမှုများပပျောက်စေ ရေးစသည့်တို့ကို မိဘများအနေနှင့် ဆရာ၊ ဆရာမများဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် စသည့်အချက်များဖော်ပြထားသည်။

ထို့အပြင်လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာများကိုလည်း ကျောင်းမဖွင့်မီကာလအတွင်း မိဘများအနေဖြင့် အိမ်တွင်လေ့ကျင့်သင်ကြားပေးရန်လည်း ထုတ်ပြန်ထားသည်။

ယခုပညာသင်နှစ်တွင် အထက်တန်းအဆင့်နှင့် အလယ်တန်းဆင့်များကို ဗလာစာအုပ်တစ်ဒါဇင် ၊ ဘောပင် ၂ ချောင်း၊ ခဲတံ ၂ ချောင်း၊ မူလတန်းအဆင့်များအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ ၄ ချောင်းပေးမည်ဖြစ်သည်။

ထို့ပြင်လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်း ပေါင်း ၄ သောင်းကျော်အတွက် အပူချိန်တိုင်းကိရိယာ ၇ သောင်းကျော်၊ Mask ၂၁သန်းခန့်၊ Face shield ၁၀ သန်းကျော်စသည့်တို့ကို ကျောင်းအပ်နှံရေးကာလတွင် ပေးအပ်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှသိရသည်။

J-02