News

POST TYPE

NEWS

ရွှေကျင်တံတား ယာယီဖြတ်သန်းခွင့်ပြု
09-Jul-2020


တောင်ငူ၊ ဇူလိုင် ၈

ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက်နှင့်တောင်ဘက်ရွာအကြား တည်ဆောက်ထားသည့် ရွှေကျင်မြစ်ကူးတံတားကို ဇူလိုင်လ ၈ ရက်နေ့နံနက် ၉ နာရီမှစတင်ကာ ယာယီဖြတ်သန်းခွင့်ပေးလိုက်ကြောင်း ရွှေကျင်မြို့နယ်မှ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ပြောကြားသည်။

“ဒီနေ့မနက်ကစပြီး ယာယီဖြတ်သန်း ခွင့်ပေးတယ်။ ဖွင့်ပွဲလုပ်ဖို့တော့ လိုဦးမယ်နဲ့တူတယ်။ တံတားကသုံးနှစ်စီမံကိန်း နဲ့ တည်ဆောက်ခဲ့တာဆိုတော့ ပြီးစီးသလောက်ဖြစ်နေပြီ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လွန်ခဲ့သည့် ၁၅ နှစ်ခန့်နှစ်က ရွှေကျင်နှင့်မဒေါက်မြို့အကြား ဆက်သွယ်ထားသည့် စစ်တောင်းမြစ်ကူးတံတားကြောင့် ဒေသဖွံ့ဖြိုးရေး အထောက်အကူပေးနိုင်ခဲ့ပြီး ယခုကဲ့သို့ ရွှေကျင်မြစ်ကူးတံတားတစ်စင်း ထပ်မံပေါ်ထွန်းလာခဲ့သည့်အတွက် ရွှေကျင်မြို့တောင်ဘက်ခြမ်းရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယူဆကြောင်း ဒေသခံအချို့က ပြောဆိုနေကြသည်။

ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက်မှ ရွှေကျင်မြို့တစ်ဖက်ကမ်းရှိ တောင်ဘက်ရွာသို့ ဆက်သွယ်ထားသည့် ရွှေကျင်မြစ်ကူးတံတားကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ချဉ်းကပ်လမ်းအပါအဝင် အလျားပေစုစုပေါင်း ၁၆၈၀ ပေ၊ သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ကာ တံတားဦးစီးဌာန လက်အောက်ရှိ တည်ဆောက်ရေး ၃၊ တံတားအထူးအဖွဲ့ ၉ က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မိုးက ပြောကြားသည်။

“အချောသတ်လုပ်ငန်းလေး နည်းနည်းပဲကျန်တယ်။ ရာခိုင်နှုန်းနဲ့ဆိုရင် ၉၉ ဒသမ ၉၉ လို့ ပြောရမယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ရွှေကျင်မြစ်ကူးတံတားစီမံကိန်းကို ၂၀၁၇ ခုနှစ်ကုန်ခါနီးက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်သန်း ၆၄၀ဝ အကုန်ကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။ 

R-02