News

POST TYPE

NEWS

၂၀၂၀-၂၀၂၁ ရာသီအမျိုးသမီးလိဂ်ပြိုင်ပွဲကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ကျင်းပမည်ဟုဆို
09-Jul-2020


ရန်ကုန်၊ ဇူလိုင် ၈

မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ၂၀၂၀-၂၀၂၁ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲကို အသင်းခုနစ်သင်းဖြင့် ယခုနှစ်ကုန်ပိုင်းတွင် စတင်ကျင်းပနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပရမည် ဖြစ်သော်လည်း မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ နိုင်ငံတကာပြိုင်ပွဲများနှင့် တိုက်ဆိုင်နေသည့်အပြင် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ၂၀၁၉-၂၀၂၀ ရာသီတွင် ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၂၀-၂၀၂၁ ရာသီမှသာ ပြန်လည်ကျင်းပနိုင် မည်ဖြစ်သည်။

နောက်ဆုံးကျင်းပသည့် ၂၀၁၈-၂၀၁၉ ရာသီတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အသင်းများအနက် အသင်းအချို့ နုတ်ထွက်ခဲ့ပြီး အသင်းသစ်အချို့ ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာလိဂ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အမျိုးသမီးလိဂ်ပြိုင်ပွဲကို နှစ်ကုန်ပိုင်းမှာ ကျင်းပနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အစောဆုံး အောက်တိုဘာလောက်မှာ ကျင်းပနိုင်ဖို့ ကြိုးပမ်းနေပြီး နောက်အကျဆုံး ဒီဇင်ဘာမှာ စတင်မှာဖြစ်ပါတယ်။ လက်ရွေးစင်အမျိုးသမီးအသင်းက ဒီနှစ်ထဲမှာ နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ဖို့မရှိပေမယ့် လူငယ်အသင်းတွေက ပြိုင်ပွဲတွေရှိ နိုင်တာကြောင့် သူတို့ရဲ့ ပြိုင်ပွဲကျင်းပမယ့် ကာလအပေါ်မှာလည်း မူတည်ပါတယ်။ နောက်တစ်ချက်က ကိုရိုနာဗိုင်းရပ်စ် အခြေအနေအပေါ်မှာ မူတည်ပါတယ်” ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။ 

အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဇွဲကပင် အသင်းအပါအဝင် သုံးသင်းနုတ်ထွက်ခဲ့ပြီး အသင်းနှစ်သင်း ထပ်မံတိုးလာခြင်းကြောင့် ပြိုင်ပွဲဝင်အသင်းခုနစ်သင်းဖြင့် နှစ်ကျော့ကျင်းပမည်ဖြစ်သည်။

ယခင်က အမျိုးသမီးလိဂ်ပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တာဝန်ယူကျင်းပခဲ့သော်လည်း လာမည့်ရာသီမှ စတင်၍ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ပြောင်းလဲကျင်းပသွားမည်ဖြစ်သည်။ 

အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့ကာ သုံးရာသီ ကျင်းပပြီးနောက် မြဝတီအသင်းက နှစ်ကြိမ်၊ အား/ကာသိပ္ပံ အသင်းက တစ်ကြိမ် အနိုင်ရ ဗိုလ်စွဲထားသည်။ 

၂၀၁၆-၂၀၁၇ ရာသီနှင့် ၂၀၁၇-၂၀၁၈ ရာသီတွင် မြဝတီအသင်းက နှစ်ကြိမ်ဆက်တိုက်နှင့် ၂၀၁၈-၂၀၁၉ ရာသီတွင် အား/ကာသိပ္ပံအသင်းတို့က ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

ချစ်ဝိုင်း