News

POST TYPE

NEWS

ရွှေတိဂုံဘုရားကို အွန်လိုင်းဘိုကင်စနစ်ဖြင့် စာရင်းပေး၍ ဖူးမြော်ခွင့်ပြုရန် စီစဉ်
09-Jul-2020
COVID-19 ကပ်ရောဂါ မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့် မတ်လနောက်ဆုံးပတ်အတွင်းက ရွှေတိဂုံစေတီတော်ကို ဖူးမြင်ရစဉ်

ရန်ကုန်၊ ဇူလိုင် ၈

ရွှေတိဂုံဘုရားကို အွန်လိုင်း (Online) မှ စာရင်းပေးပြီး လာရောက်ဖူးမြော်ခွင့်ပေးသည့်စနစ်ဖြင့် ပြန်ဖွင့်နိုင်ရန်စီစဉ်နေပြီး ဘုရားကိုပြန်ဖွင့်နိုင်ရန် အဆင်ပြေမည့်နည်းလမ်းကို စဉ်းစားကာစမ်းသပ်မှုများ လုပ်နေခြင်းဖြစ်သည်ဟု ရွှေတိဂုံဘုရားဂေါပကအဖွဲ့က ပြောကြားသည်။

"စက်တွေကတော့ ရောက်နေပြီ။ စမယ်ဆိုရင် စက်တွေက အခုတစ်ပတ်ထဲမှာ လာပြီးတပ်ဆင်ပေးမယ်ပြောတယ်။ စက်တပ်ပြီး အရင်ဆုံး အဆင်ပြေ၊ မပြေကြည့်ရမှာပေါ့။ အဆင်ပြေတယ်ဆိုရင် ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ရမှာပါ"ဟု ဂေါပကအဖွဲ့ဝင် ဒေါက်တာရဲအောင်က ပြောဆိုသည်။

လက်ရှိတွင် ရွှေတိဂုံဘုရားဖူးမြော်ခွင့် ပြန်လည်ဖွင့်လှစ်မည့်ရက်အတိအကျကို မသိရသေးသော်လည်း ဖွင့်လှစ်ချိန်တွင် ကျန်းမာရေးနှင့် ပတ်သက်၍ လုပ်ဆောင်မည့်ကိစ္စများကို အဆင်သင့်ပြင်ဆင်ထားသည်ဟု ရွှေတိဂုံဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

"ဒီကနေ့ ဖြစ်ပေါ်နေတဲ့ရောဂါ အခြေအနေအရ လူပေါင်း ၁၀ဝ ကနေ ၁၀ဝ၀ ဖြစ်သွားနိုင်တော့ ရောဂါဖြန့်ဝေရေးဌာန အဖြစ်မခံနိုင်ဘူး၊ ဘုရားပြန်လည်ဖွင့်ချိန်မှာ ဘုရားဖူးဧည့်သည်တွေကနေ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိအောင် အဓိကလုပ်ဆောင်မှာဖြစ်ပါတယ်"ဟု ဒေါက်တာရဲအောင်က ရှင်းပြသည်။

ရွှေတိဂုံဘုရားကို ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ကတည်းက အချိန်အကန့်အသတ်ဖြင့် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ပြီး မတ်လ ၃၁ ရက်တွင် အချိန်တိုးမြှင့်ကန့်သတ်ခဲ့သည့်အတွက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီ အထိဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။

ယင်းနောက် ဧပြီလ ၉ ရက်နေ့ကစ၍ လက်ရှိအချိန်အထိ ဘုရားဖူးခွင့်ယာယီပိတ်ထားဆဲဖြစ်သည်။ 

သိင်္ဂီ(VOM)