News

POST TYPE

NEWS

ပြည်တွင်းပိုလျှံသကြားတန်ချိန် တစ်သိန်းခွဲကို တရုတ်သို့ တရားဝင်ရောင်းချနိုင်ရန် စီစဉ်
08-Jul-2020
ရန်ကုန်၊ ဇူလိုင် ၇

အခြေခံကြံစိုက်တောင်သူများ၊ သကြားထုတ်လုပ်ရောင်းချသူများ၊ ရင်းနှီးမြှုပ်နှံသူများ ကြုံတွေ့နေရသည့် အခက်အခဲများ ဖြေရှင်းနိုင်ရေးနှင့် မြန်မာ့သကြားဈေးကွက် တည်ငြိမ်ရေးအတွက် ပြည်တွင်းအသုံးပြုမှုမှ ပိုလျှံသကြားတန်ချိန် ၁၅၀,ဝ၀ဝ ကို တရုတ်နိုင်ငံသို့ တရားဝင်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန် သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

တရားဝင်ရောင်းချနိုင်ရေးအတွက် တရုတ်နိုင်ငံဘက်မှ သက်ဆိုင်ရာဌာနများ နှင့် လိုအပ်သလိုညှိနှိုင်းဆောင်ရန်အတွက်  နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဘေဂျင်းမြို့ရှိ မြန်မာသံရုံးသို့ အကြောင်းကြားခဲ့မှုအပေါ် ဘေဂျင်းမြို့ရှိ မြန်မာသံရုံးက ဇူလိုင် လ ၂ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအာရှရေးရာဌာနသို့ ဆက်လက်အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

"အဲဒါက တရုတ်ဘက်ကကိုတာရတာလား၊ မရတာလား ကွဲကွဲပြားပြားမသိသေးဘူး။ အဲဒါကြောင့် စီးပွား/ကူးသန်းကို မေးရဦးမယ်။ တရုတ်ကခွဲတမ်းပေးမှ အခွန်ကင်းလွတ်ခွင့်ရမှာ။ အခွန်ကင်းလွတ်ခွင့်ရမှ တရုတ်ကုန်သည်က ဒီဘက်ကိုဝယ်လို့ရမှာ။ အခွန်က အခုကောက်နေတာက ရာခိုင်နှုန်းကများတယ်။ ၈၅ ရာခိုင်နှုန်းလောက်ကောက်တယ်။ ကိုတာရရင် ၁၅ ရာခိုင်နှုန်းလောက်ပဲရှိတယ်။  သွင်းကုန်ကို သူတို့ဘက်ကမြှင့်ထားတာကိုး။ ကိုတာရရင်တော့ တရုတ်ကုန်သည်ကဝယ်နိုင်တာပေါ့" ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

တရုတ်သို့ သကြားတန်ချိန် ၁၅၀,ဝ၀ဝ တင်ပို့ရပါကလည်း ပြည်တွင်းတွင် သကြားအလုံအလောက်ရှိသည့်အတွက် ဈေးနှုန်းကိုက်ပါက ချက်ချင်းရောင်းချနိုင်ကြောင်း ၎င်းကဆိုသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံမှ သကြားများ တရုတ်နိုင်ငံသို့တင်ပို့နိုင်ရေးအတွက်  သက်ဆိုင်ရာအသင်းအဖွဲ့များအနေနှင့်လည်း မြန်မာ့သကြားများ တင်သွင်းလျက်ရှိသည့် တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီများသို့ ချိတ်ဆက်ဆောင်ရွက်ထားရှိနိုင်ရေး သက်ဆိုင်ရာဌာနများက ဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ရန်ကုန်သွယ်ရေးဦးစီးဌာနက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီထံ စာပေးပို့ထားခြင်းဖြစ်သည်။

S-07