News

POST TYPE

NEWS

ပုလဲ-ဂန့်ဂေါလမ်းဘေး မြကုန်းရွာတွင် လုံခြုံရေးရဲက သေနတ်နှင့်ပစ်သဖြင့် လူသုံးဦးဒဏ်ရာရ
08-Jul-2020


မုံရွာ၊ ဇူလိုင် ၇

ပုလဲမြို့နယ် ပုလဲ-ဂန့်ဂေါလမ်းဘေး မြကုန်းကျေးရွာ ထင်းစိုက်ခင်းတွင် စစ်ဆေးရေးဂိတ်တည်ဆောက်ရန် အာဏာပိုင်များက မြေနေရာလာရောက်သတ်မှတ်စဉ် ဇူလိုင်လ ၇ ရက်နေ့ နံနက် ၆ နာရီခွဲခန့် အချိန်က ကျေးရွာသူရွာသားများနှင့် ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာမှ သေနတ်နှင့်ပစ်သဖြင့် လူသုံးဦးဒဏ်ရာရခဲ့သည်။

ရွာထိပ်ရှိထင်းစိုက်ခင်းတွင် အာဏာပိုင်များဘက်က စစ်ဆေးရေးဂိတ်ဆောက်မည်ကို ဇွန်လ ၁၆ ရက်နေ့ကသိရကြောင်း၊ ရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရှိသော်လည်း ရွာသားများအားချပြရှင်းလင်းမှုမရှိခဲ့ဟု ဒေသခံရွာသားဦးကျော်မြင့်စိုး ကပြောကြားသည်။ 

ကျေးရွာထိပ်ရှိ မူလတန်းကျောင်းရှေ့တွင် အဆိုပါဂိတ်ဆောက်မည်ကို ကန့်ကွက်သည့်စာများကို နေပြည်တော်အတိုင်ပင်ခံရုံး၊ နိုင်ငံတော်သမ္မတရုံး၊ မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းအစိုးရရုံး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးရုံးတို့ထံ ဇွန်လ ၂၂ က စာတင်ခဲ့သော်လည်း ဇူလိုင်လ ၇ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၁၅၀၊ မီးသတ်၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ  ရောက်ရှိလာပြီး ငုတ်ရိုက်ကာ မြေနေရာသတ်မှတ်ကြရာမှ လုံခြုံရေးရဲတပ်ဖွဲ့နှင့် ဒေသခံရွာသားများ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး  ရဲက ရော်ဘာကျည်ဖြင့်ပစ်ခတ်သဖြင့် အမျိုးသားသုံးဦး ခြေ၊ လက်တို့တွင် ပေါက်ပြဲဒဏ်ရာများရခဲ့ပြီး ပုလဲမြို့နယ်ဆေးရုံတွင် တစ်ဦး ဆေးရုံတက်ကုသမှုခံနေရသည်။ 

ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဒေသခံကျေးရွာသား အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးကို လုံခြုံရေးရဲများက နာရီပိုင်းမျှ ဖမ်းချုပ်ကာခံဝန်လက်မှတ်ရေးထိုးစေခဲ့ပြီး ပြန်လွှတ်ခဲ့သည်ဟု အဖမ်းခံရသူ ဒေါ်မော်မော်စန်းက ပြောကြားသည်။

ပုလဲ-ဂန့်ဂေါလမ်းသည် အိန္ဒိယနိုင်ငံနှင့်ဆက်သွယ်သည့် မဟာဗျူဟာလမ်း ဖြစ်၍ စစ်ဆေးရေးဂိတ်တည်ဆောက်ရခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းလုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားထားသည်။

R-08