News

POST TYPE

NEWS

ဇွဲကပင်ကစားသမားများ၏ နှစ်နာကြေးများ မရ၍ ဦးဇော်ဇော် ကြားဝင်ဖြေရှင်းပေးရန် သတင်းစာရှင်းလင်း
08-Jul-2020


ရန်ကုန်၊ ဇူလိုင် ၇

မြန်မာလိဂ်ကလပ် ဇွဲကပင်ယူနိုက် တက်အသင်းသည် ဖျက်သိမ်းခဲ့ခြင်းကြောင့် ဇွဲကပင်ကစားသမားများက တောင်းဆိုထားသည့်နှစ်နာကြေးများမရရှိ၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် အနေနှင့် ကြားဝင်ဖြေရှင်းပေးရန် ဇူလိုင် ၇ ရက်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ၎င်းတို့၏ နစ်နာမှုများနှင့် အခက်အခဲများကို ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ၁၂ သင်းအနက်မှ ဇွဲကပင်ယူနိုက်တက် အသင်းနှင့် ချင်းယူနိုက်တက် အသင်းတို့မှာ COVID-19 ကမ္ဘာ့ကပ်ရောဂါ အကြပ်အတည်းကာလများကြောင့် လက်ကျန်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်းနှင့် အသင်းဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သော ဇွန်လက မြန်မာနေရှင်လိဂ်မှ တရားဝင်ကြေညာခဲ့သည်။ 

“အငယ်အသင်း နှစ်သင်းဆို ပြီးခဲ့တဲ့ လေးလပိုင်းကတည်းက လစာတွေ မရခဲ့ဘူး။ ကျွန်တော်တို့ဆို လေးလပိုင်း လဝက်စာပဲရတယ်။ အဲ့ဒါကြောင့် နစ်နာကြေးတွေ ရဖို့ မြန်မာနေရှင်လိဂ်ကော်မတီကို အကြီးသင်းရော အငယ်နှစ်သင်းပါ တိုင်းကြားထားတာ ဘာမှမထူးလို့ ကစားသမားတွေရဲ့ အခက်အခဲကို ဦးဇော်ဇော်သိရှိပြီး ကူညီဖြေရှင်းပေးလာနိုင်ဖို့ မျှော်လင့်ချက်နဲ့ ထုတ်ဖော်ပြောကြားတာ ဖြစ်ပါတယ်” ဟု ဇွဲကပင်ယူနိုက်တက်အသင်း မီဒီယာတာဝန်ခံ ကိုသန့်ဇင်အောင်က ပြောသည်။

အသင်းဖျက်သိမ်းလိုက်သော ဇွဲကပင် ယူနိုက်တက်အသင်းတွင် အသင်းကြီး၌ ပြည်တွင်းကစားသမား ၂၄ ဦး၊ နိုင်ငံခြား ကစားသမား ၃ ဦး ရှိပြီး ယူ-၂၁ နှင့် ယူ-၁၉ လူငယ်နှစ်သင်းတွင် ကစားသမား ၆၀ ခန့် ရှိပြီး အသင်းအုပ်ချုပ်သူ၊ နည်းပြများအပါအဝင် အယောက် ၁၀၀ ခန့်ရှိကြောင်း သိရသည်။ 

ထို့ကြောင့် ကစားသမားများက ယခင်လများက မရရှိခဲ့သော လစာများကို ထည့်မတောင်းတော့ဘဲ နစ်နာကြေးအဖြစ် သုံးလစာပေးရန်တောင်းဆိုခဲ့သော်လည်း အသင်းဘက်မှ တစ်လစာသာပေးသဖြင့် ကစားသမားများကလက်မခံဘဲ တာဝန်ရှိသူများအား တိုင်းကြားခဲ့ခြင်းဖြစ်သည်။ 

မြန်မာနေရှင်လိဂ်ကော်မတီထံ တိုင်ကြားခဲ့သော်လည်း ထူးခြားမှုများရှိ မလာ၍ အသင်းကြီးမှ ကစားသမား ၃ ဦး၊ ယူ-၂၁ အသင်းမှ ကစားသမားတစ်ဦးနှင့် ယူ-၁၉ အသင်းမှ ကစားသမားတစ်ဦးတို့က သက်ဆိုင်ရာအသင်း၏ ကစားသမားများကိုယ်စား အခက်အခဲနှင့် နစ်နာမှုများ ထုတ်ဖော်ပြောခြင်းဖြစ်သည်။

ချစ်ဝိုင်း