News

POST TYPE

NEWS

မုက္ခမူချောင်းတွင် ငါးဖမ်းဆီးခြင်းကြောင့် လယ်ဧက၂၀ဝ၀ ကျော်နှစ်စဉ် ထိခိုက်ဟုဆို
08-Jul-2020


တောင်ငူ၊ ဇူလိုင် ၇

အင်းဂရန်ရထားသူများက ညောင်လေးပင်မြို့နယ် မုက္ခမူချောင်းတွင် မျဉ်းဝင်းကြီး (ဆည်ခံ၍ငါးဖမ်းခြင်း)များ အသုံးပြု၍  ငါးဖမ်းဆီးမှုများပြုလုပ်နေခြင်းကို တားမြစ်ခြင်းမရှိသောကြောင့် လယ်ယာမြေ ဧက ၂၀ဝ၀ ကျော်နှစ်စဉ် ထိခိုက်ဆုံးရှုံးနေရသည်ဟု ဒေသခံများက ပြောဆိုသည်။

“အကြိမ်ကြိမ်ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုနေရတယ်။ ရေနည်းချိန်ဆိုရင် မျဉ်းဝင်းကို ဖြုတ်တယ်။ ဘေးကဆည်တန်းကို မဖျက်တော့ နှစ်တိုင်းရေကြီးပြီး မိုးစပါးစိုက်ခင်းတွေ နစ်မြုပ်ပျက်စီးနေရတယ်”ဟု  မုက္ခမူကျေးရွာမှ မိုးစပါးစိုက်တောင်သူ ဦးဇော်မင်းဦးက ပြောကြားသည်။

ယင်းဒေသသည် ရေကြီးကွင်းနယ်မြေများဖြစ်သည့်အတွက် ရေကြီးနစ်မြုပ်မှုဒဏ်မှ ကာကွယ်ပေးနိုင်ရန် နိုင်ငံတော်အစိုးရက ရေတားမြောင်းကြီးများ ဖောက်လုပ်ပေးခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ်ကစ၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနမှ အင်းလုပ်ကိုင်ခွင့် ချထားပေးခဲ့သည့်အတွက် ချောင်းနှင့်မြောင်းများတွင် မျဉ်းဝင်းကြီးများ(ဆည်ခံ၍ငါးဖမ်းဆီးခြင်း) ချထားကာ လုပ်ကိုင်နေကြခြင်းကြောင့် မိုးရာသီရောက်တိုင်း လယ်ယာမြေများ ရေဝင်နစ်မြုပ် ပျက်စီးဆုံးရှုံးနေရသည်ဟု တော်ပသီကျေးရွာ ဒေသခံများကလည်း ပြောဆိုသည်။

ယင်းအခက်အခဲများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ တင်ပြခြင်း၊  မီဒီယာများမှတစ်ဆင့် ရေးသားဖော်ပြမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ဖြေရှင်းပေးပုံ မမှန်သည့်အတွက် ထူးခြားမှုမရှိကြောင်း ဒေသခံအချို့က ဝေဖန်ပြောဆိုကြသည်။

မုက္ခမူချောင်းနှင့်ချောင်းဟောင်းများပေါ်တွင် ခွင့်ပြုထားသည့် ငါးဖမ်းပစ္စည်းများကို အသုံးပြုခြင်းမရှိဘဲ အတောင် ၂၀ဝ ခန့်ရှိသော မျဉ်းဝင်းကြီးများအသုံးပြု၍ ရေစီးလမ်းကြောင်းပိတ်ဆို့ဖမ်းဆီးနေသည့်အတွက် မုက္ခမူ၊ ညောင်ဝင်း၊ တော်ပသီကျေးရွာအပါအဝင်ကျေးရွာ ၁၄ ရွာမှ မိုးစပါးဧက ၂၀ဝ၀ ကျော် နှစ်စဉ်ရေနစ်ပျက်စီးနေရကြောင်း၊ ယင်းပြဿနာသည် ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများအဆိုအရ သိရသည်။

ယင်းပြဿနာနှင့်ပတ်သက်၍ ပြီးခဲ့သည့်ရက်ပိုင်းကပင် ငါးလုပ်ငန်းဦးစီးဌာန၊ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ်နှင့် အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကာ မျဉ်းဝင်းကြီးများကို ဖျက်ဆီးခဲ့သည်ဟု ညောင်လေးပင်မြို့နယ် အုပ်ချုပ်ရေးမှူး နော်မိုင်လှကြည်က ပြောကြားသည်။

ညောင်လေးပင်မြို့နယ်ရှိ တော်ပသီ၊ မုက္ခမူ၊ အင်းဝိုင်းရွာအပါအဝင် ကျေးရွာပေါင်း ၁၄ ရွာသည် အဆိုပါမျဉ်းဝင်းကြီးများကြောင့် နှစ်စဉ် ရေကြီးနစ်မြုပ်မှုဒဏ်ခံနေရပြီး အိမ်ထောင်စု ၁၅၀ဝ ကျော်လူဦးရေ ၁၀ဝ၀ဝ ကျော် ရေဘေးကြုံနေရသည်ဟု ဒေသခံတောင်သူများက ပြောဆိုသည်။              

S-02