News

POST TYPE

NEWS

ဟောင်ကောင်ကျွန်းကိစ္စတွင် ဝင်ရောက်စွက်ဖက်မှုမပြုရန် ဗြိတိန်ကို တရုတ်အစိုးရသတိပေး
08-Jul-2020


ဘေဂျင်း၊ ဇူလိုင် ၇

ဟောင်ကောင်ကျွန်းအတွက် ပြဋ္ဌာန်းရန်စီစဉ်နေသည့် အမျိုးသားလုံခြုံရေးဥပဒေသစ်ကိစ္စအပါအဝင် လတ်တလော ဟောင်ကောင်နှင့်ဆိုင်သောအရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှုမပြုလုပ်ရန် ဗြိတိန်နိုင်ငံကို တရုတ်နိုင်ငံကသတိပေးလိုက်ကြောင်း BBC သတင်းဌာနကရေးသားဖော်ပြသည်။ 

ဟောင်ကောင်ပြည်သူ သုံးသန်းခန့်ကို ဗြိတိန်နိုင်ငံကနိုင်ငံသားခံယူခွင့်ပေးရန် လမ်းကြောင်းဖန်တီးပေးနေခြင်းသည် ဟောင်ကောင်အရေးကို ကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက်စွက်ဖက်နေခြင်းသာဖြစ်သည်ဟု တရုတ်သံအမတ်ကြီး လောင်ဇင်မင်းက ပြောကြားသည်။ 

ထိုသို့ ဟောင်ကောင်ပြည်သူများကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ကမ်းလှမ်းနေသည့်ကိစ္စအား ဗြိတိန်နိုင်ငံအနေနှင့်  ပြန်လည်စဉ်းစားသုံးသပ်လိမ့်မည်ဟု မျှော်လင့်ကြောင်း တရုတ်သံအမတ်ကြီးလောင်ဇင်မင်းက ဆိုသည်။ 

"ဗြိတိန်အစိုးရဟာ ဟောင်ကောင်ကျွန်းရဲ့အရေးကိစ္စတွေအပေါ်မှာ တာဝန်မဲ့လွန်းတဲ့ ထင်မြင်သုံးသပ်ချက်တွေလုပ်နေတာပါ" ဟု ၎င်းကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။ 

အဆိုပါ တရုတ်သံအမတ်၏ စွပ်စွဲပြောဆိုမှုကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရာအက်ဘ်က ပယ်ချလိုက်သည်။ 

ဗြိတိန်နိုင်ငံက တရုတ်အစိုးရသည် ၁၉၉၇ ခုနှစ် ဟောင်ကောင်လွတ်လပ်ရေးသဘောတူညီချက်တွင်ပါဝင်သော သဘောတူညီချက်များအပေါ် ကတိဖျက်လိုက်ခြင်းပင်ဖြစ်သည်ဟု စွပ်စွဲပြောဆိုထားသည်။ 

ထို့ပြင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရာအက်ဘ်က ဗြိတိန်နိုင်ငံ၏ အစီအစဉ်သည် ပြည်ပနိုင်ငံများသို့ရောက်ရှိနေသော ဗြိတိန်နိုင်ငံသားသန်းပေါင်းများစွာကို မိမိနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်အောင် စီစဉ်ခြင်းသာဖြစ်ပြီး တရုတ်ပြည်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမဟုတ်ကြောင်း ခုခံပြောကြားသည်။ 

"ကျွန်တော်တို့အနေနဲ့ တရုတ်ပြည်နဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေးတစ်ရပ်ရှိထားချင်တာပါ။ ဒါပေမဲ့တကယ့်ပြဿနာက ယုံကြည်မှုကိစ္စပါ။ တရုတ်အနေနဲ့ နိုင်ငံတကာမှာပေးထားတဲ့ တာဝန်ဝတ္တရားတွေအတိုင်း ပြုမူနေထိုင်ပါမှ ယုံကြည်ထိုက်တဲ့သူဖြစ် မှာပါ" ဟု ၎င်းကဆက်လက်ပြောကြားသည်။ 

တရုတ်အစိုးရကရေးဆွဲပြဋ္ဌာန်းရန် စီစဉ်နေသည့် ဟောင်ကောင်အမျိုးသား လုံခြုံရေးဥပဒေသစ်သည် ဟောင်ကောင်ကျွန်း၏ လွတ်လပ်မှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတို့ကို ထိပါးစေနိုင်လိမ့်မည်ဟု ဟောင်ကောင်ပြည်သူအများစုက ယုံကြည်လျက်ရှိသည်။ 

အဆိုပါ ဥပဒေသစ်နှင့်ပတ်သက်၍ ဟောင်ကောင်ပြည်သူထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ 

F-01