News

POST TYPE

NEWS

ရုရှားအာကာသအေဂျင်စီမှ သတင်းအချက်အလက်အရာရှိ သူလျှိုမှုဖြင့် အဖမ်းခံရ
08-Jul-2020


မော်စကို၊ ဇူလိုင် ၇

ရုရှားအာကာသအေဂျင်စီ အကြီးအကဲ၏ ပြောခွင့်ရအရာရှိကို သူလျှိုမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း အဆိုပါအေဂျင်စီ၏ ထုတ်ပြန်မှုကို BBC ကရေးသားဖော်ပြထားသည်။ 

ယခင်သတင်းစာဆရာဟောင်း အိုင်ဗန်ဆာဖရိုနော့ဗ်ကို ဖမ်းဆီးခြင်းသည် ၎င်း၏ လက်ရှိအလုပ်နှင့်မဆိုင်ပါကြောင်း ရုရှားအာကာသအေဂျင်စီ Roskosmos ကဆိုသည်။ 

Nato အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအတွက် သူလျှိုလုပ်ပေးသည်ဟူသောမသင်္ကာမှုဖြင့် ဖမ်းဆီးရခြင်းဖြစ်သည်ဟု ရုရှားလုံခြုံရေးဌာနက ထုတ်ပြန်ထားသည်။ 

ဖမ်းခံရသူဆာဖရိုနော့ဗ်သည် စစ်တပ်ဆိုင်ရာသတင်းထောက်အဖြစ် ယခင်ကအလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ 

"ကျွန်တော်တို့သိသလောက် သူ့ရဲ့အရင် သတင်းစာဆရာဘဝကလုပ်ခဲ့တာတွေနဲ့ သက်ဆိုင်ခြင်းတော့ မရှိပါဘူး" ဟု ကရင်မလင်ပြောခွင့်ရအရာရှိ ဒီမီထရီပက်စ်ကော့ဗ်က ပြောကြားသည်။ 

ဆာဖရိုနော့ဗ်သည် ရုရှားအာကာသအေဂျင်စီ အထွေထွေအတွင်းရေးမှူးချုပ် ရိုဂိုဇင်၏သတင်းအချက်အလက်ဆိုင်ရာ အကြံပေးအဖြစ် မေလလယ်ကမှ အလုပ်ဝင်ခဲ့သူဖြစ်သည်။ 

စုံစမ်းစစ်ဆေးရေးဌာန၏ လိုအပ်ချက်များကို ကူညီပေးလျက်ရှိကြောင်း ရုရှားအာကာသအေဂျင်စီက ဆိုထားသည်။ ပြစ်မှုထင်ရှားပါက သတင်းစာ ဆရာဟောင်းဆာဖရိုနော့ဗ်သည် ထောင်ဒဏ် နှစ် ၂၀ အထိကျခံရနိုင်သည်။ 

အမည်ဖော်ပြမထားသော Nato အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်အတွက် အလုပ်လုပ်ပေးနေသည်ဟု ယူဆရကြောင်း ရုရှားလုံခြုံရေးဌာန FSB ကထုတ်ပြန်ထားသည်။

"၎င်းသည် ရုရှားဖက်ဒရေးရှင်း၏ စစ်တပ်နည်းပညာများ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များကို ပေးပို့နေသည်" ဟု ထုတ်ပြန်ထားသေးသည်။ 

ဆာဖရိုနော့ဗ်ကို ပြီးခဲ့သည့်နှစ်ကလည်း ခေါ်ယူစစ်ဆေးမေးမြန်းမှုများရှိခဲ့ပြီး ထိုစဉ်ကရာဇဝတ်ကြောင်းဖြင့် စစ်ဆေးအရေးယူခြင်း မရှိခဲ့ပေ။

F-02