News

POST TYPE

NEWS

မလှိုင်မြို့တွင် အုပ်ချုပ်ရေးမှူးရုံးမှ ဆိုင်းဘုတ်များဖြုတ်ချခံရပြီး ရုံးသုံးပစ္စည်းများခိုးယူခံရ
08-Jul-2020
မိတ္ထီလာ၊ ဇူလိုင် ၇

မိတ္ထီလာခရိုင် မလှိုင်မြို့ အမှတ်(၁) ရပ်ကွက်နယ်မြေ (၆) အုပ်ချုပ်ရေးမှူးရုံးမှ ဆိုင်းဘုတ်များဖြုတ်ချခံရပြီး ရုံးသုံးပစ္စည်းများ ဇူလိုင်လ ၅ ရက်နေ့က ခိုးယူခံလိုက်ရကြောင်း ရပ်ကွက်ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

မလှိုင်မြို့မဈေး တောင်ဘက်ရှိ အမှတ် (၁) ရပ်ကွက် နယ်မြေ (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဖွင့်ထားသည့် အမှတ်(၁) သမဝါယမအသင်းပိုင်ရုံးရှေ့တွင် ချိတ်ဆွဲထားသော (ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၊ အမှတ်(၁) ရောင်းဝယ်ရေးသမဝါယမအသင်း) ဆိုင်းဘုတ်များကို အမျိုးသမီးတစ်ဦးက ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းတွင် ဖြုတ်ချခဲ့ခြင်းဖြစ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းမှ မတ်တတ်ရပ်ပန်ကာတစ်ခု၊ ပန်ကာအနိမ့်တစ်ခု၊ လျှပ်စစ် ရေနွေးအိုးတစ်လုံး၊ အချိုပန်းကန်နှစ်စုံ၊ ကြွေပန်းကန်ကြီးလေးချပ်၊ ရေနွေးခွက်ခြောက်လုံး၊ သစ်သားထိုင်ခုံတစ်လုံး၊  ဖိုက်ဘာထိုင်ခုံဟောင်း အလုံး ၂၀ စုစုပေါင်း တန်ဖိုးငွေ ၁၅၉,၂၀ဝ ကျပ်ခန့်ပျောက်ဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေ (၆) အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးက ဇူလိုင်လ ၆ ရက်နေ့တွင် အမှုဖွင့်တိုင်ကြားခဲ့သည့်အတွက် မလှိုင်မြို့မရဲစခန်းက (ပ) ၁၉/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့်ပေးထားသည်။  

အဆိုပါအမှုနှင့်ပတ်သက်၍ မလှိုင်မြို့အမှတ်(၁) ရပ်ကွက် နယ်မြေ (၇) ရှိ မအိအိခိုင် (ခ) တင်အိအိခိုင်ကို ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။ 

R-01