News

POST TYPE

NEWS

ပုဇွန်တောင်မြို့နယ်တွင် COVID-19 ဖြစ်ပွားသည့်ကာလအတွင်း Mask မတပ်သူ ၉၁ ဦး အရေးယူခံရ
08-Jul-2020
ရန်ကုန်၊ ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်တွင် COVID-19 ဖြစ်ပွားခဲ့သည့် သုံးလတာကာလအတွင်း အပြင်ထွက်ပြီး နှာခေါင်းစည်း (Mask) မတပ်သည့်သူ ၉၁ ဦးကို ဖမ်းဆီးကာ အရေးယူခဲ့ကြောင်း ပုဇွန်တောင်မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးမြင့်မြတ်သူက ပြောကြားသည်။

ထို့ပြင်အဆိုပါ ပုဇွန်တောင်မြို့နယ်အတွင်း အပြင်ထွက်ရာတွင် Mask မတပ်သည့် ကျား ၆ ဦးနှင့် မ ၁ ဦးကို ဇူလိုင် ၇ ရက်နေ့က ရဲကားဖြင့်ခေါ်ယူကာ တရားရုံးတွင် ဒဏ်ကြေးပေးဆောင်စေခဲ့ကြောင်း ၎င်းကဆိုသည်။

"ဇူလိုင် ၇ ရက်နေ့မှာ Mask မတပ်ဘဲ အပြင်ထွက်တဲ့သူတွေကို ထပ်မံအရေးယူခဲ့တယ်။ အစိုးရက COVID-19 နဲ့ပတ်သက်ပြီး ဥပဒေမသိမ်းမချင်း Mask မတပ်သူတွေ အရေးယူသွားပါမယ်။ အခုလက်ရှိအထိ Mask မတပ်သူတွေကို အရေးယူထားတာ ကျား ၈၀ ဦး၊ မ ၁၁ ဦးရှိပါတယ်" ဟု ဦးမြင့်မြတ်သူက ရှင်းပြသည်။

လက်ရှိတွင် ပုဇွန်တောင်မြို့နယ်အတွင်း နှာခေါင်းစည်း Mask မတပ်ဘဲ အပြင်ထွက်သူများကို ကားဖြင့်တင်ဆောင်ကာ တရားရုံးတွင် ငွေဒဏ် (၅၀ဝ၀) ပေးဆောင်ခိုင်းကာ အရေးယူဆောင်ရွက်နေကြောင်း ပုဇွန်တောင်မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများအနေဖြင့် နေအိမ်မှအပြင်ထွက်ပါက နှာခေါင်းစည်း(Mask) များတပ်ဆင်ရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မြို့နယ်အသီးသီးကို ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပိုး ကူးစက်ခံရသူ ၃၁၆ ဦးရှိကာ ရောဂါပိုးကင်းစင်လာသူ ၂၄၅ ဦးရှိပြီး ၂၂၈ ဦးမှာ ဆေးရုံများမှဆင်းခဲ့ကြောင်းနှင့် ၆ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

S-05