News

POST TYPE

NEWS

ရေနံချောင်းတွင်တွေ့ရှိသော ကျောက်ဖြစ်ရုပ်ကြွင်းမှာ ရေချိုမိကျောင်း၏ ကျောက်ဖြစ်ရုပ်ကြွင်းဟု ဘူမိပါမောက္ခပြော
08-Jul-2020


ချောက်၊ ဇူလိုင် ၇  

ရေနံချောင်းမြို့နယ် တွင်းကုန်းရပ်ကွက် အနောက်မြောက်ဘက်ရှိ ရေနံမြေဧရိယာနယ်မြေအတွင်း တွေ့ရှိခဲ့သော ကျောက်ဖြစ်ရုပ်ကြွင်းမှာ ရေချိုတွင်ရှင်သန်ခဲ့သော ရေချိုမိကျောင်း၏ဦးခေါင်းပိုင်း ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သည်ဟု မကွေး တက္ကသိုလ်ဘူမိဗေဒဌာန တွဲဖက်ပါမောက္ခဒေါက်တာပိုင်စိုးက ပြောဆိုသည်။

မကွေးတိုင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန တိုင်းဦးစီးမှူးက ၎င်းတို့တွေ့ရှိခဲ့သောအပိုင်းအစများကို မကွေးတက္ကသိုလ်ဘူမိဗေဒဌာနသို့ လာရောက်ပြသခဲ့ကြောင်း၊ ယင်းအပိုင်းအစများမှာ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သောကြောင့် မပျက်စီးမီထိန်းသိမ်းထားနိုင်ရန် တူးဖော်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

"ဒီကောင်ရဲ့အနေအထားကတော့ အနယ်ထိုင်ပြီးတော့ဖြစ်တဲ့ကျောက်ပေါ့။ ဒါအကြမ်းဖျင်းပေါ့။ ဒီထက်နည်းနည်းလေး ကောက်ချက် ထပ်ချမယ်ဆိုရင်တော့ ရေချိုမှာရှင်သန်တဲ့မိကျောင်း။ လောလောဆယ်မြင်နေရတာက မိကျောင်းရဲ့ခေါင်းပိုင်းပေါ့။ သူ့ရဲ့အနေအထားကိုတော့ ဆက်ပြီးတော့လေ့လာရမှာပေါ့။ ခုမှ စတူးတုန်းပဲရှိတော့လေ"ဟု ဒေါက်တာပိုင်စိုးက ရှင်းပြသည်။

ယခုတွေ့ရှိသောရေချိုမိချောင်း၏ အပိုင်းအစများကို ထပ်မံရှာဖွေနေကြောင်း၊ တွေ့ရှိပါကအမျိုးအစား၊ သက်တမ်း၊ မည်သည့်အချိန်ခန့်က စတင်ဖြစ်ပေါ်ခဲ့သည်တို့ကို တိကျစွာသိရှိနိုင်မည်ဟုလည်း ၎င်းကဆက်လက်ပြောဆိုသည်။ 

ဓာတ်ပုံ-ရဲတပ်ဖွဲ့

အဆိုပါနေရာတွင်တွေ့ရှိသော ရေချိုမိကျောင်း၏ ဦးခေါင်းအကျယ် တစ်ပေဖြစ်ပြီး မြေပေါ်တွင်တွေ့ရှိသော နှာသီးမှာ တစ်ပေခွဲကျော်ခန့်ရှိကြောင်း တူးဖော်နေသူများထံမှ သိရသည်။

ယင်းကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိသောနေရာသို့ မကွေးတိုင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မကွေးတက္တသိုလ်ဘူမိဗေဒဌာနမှ တွဲဖက်ပါမောက္ခဒေါက်တာပိုင်စိုးနှင့် ကထိကများ၊ လက်ထောက်ကထိကများ ဇူလိုင်လ ၇ ရက်နေ့နံနက်ပိုင်းက လာရောက်ခဲ့သည့်အပြင် ရေနံချောင်းမြို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမန်းကိုဟော၊ ယာယီရဲမှူးသန်းနိုင်တို့လည်း လာရောက်ခဲ့ပြီး ကျောက်ဖြစ်ရုပ်ကြွင််း တူးဖော်သည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ရေနံချောင်းမြို့ တွင်းကုန်းရပ်ကွက်တွင်နေထိုင်သည့် ကိုမောင်မောင်ဟန် ဆိတ်ကျောင်းသွားစဉ် အဆိုပါကျောက်ဖြစ်ရုပ်ကြွင်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့တွေ့ရှိထားသည်ကို ရေနံချောင်းချစ်သူများအဖွဲ့ထံ အသိပေးခဲ့ရာမှ ရေနံချောင်းချစ်သူများအဖွဲ့၊ ရေနံချောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ကျောက်ဖြစ်ရုပ်ကြွင််းဖြစ်နိုင်သည်ဟု ယူဆရသောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဇူလိုင်လ ၆ ရက်နေ့က သတင်းပေးခဲ့ခြင်းကြောင့် ယခုစတင် တူးဖော်နေခြင်းဖြစ်ကြောင်း ဦးနေဝင်း (ရေနံချောင်းချစ်သူများအဖွဲ့) ကပြောဆိုသည်။     

R-11