News

POST TYPE

NEWS

ဆဲဗင်းဇူလိုင်အခမ်းအနား ပါမောက္ခချုပ် ပထမဦးဆုံးအကြိမ် တက်ရောက်
08-Jul-2020

မန္တလေး၊ ဇူလိုင် ၇ 

မန္တလေးတိုင်း အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်း ဇူလိုင်လ ၇ ရက်နေ့ကကျင်းပသည့်  ၅၈ နှစ်မြောက် ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အခမ်းအနားသို့ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာအောင်အောင်မင်း ကိုယ်တိုင် တက်ရောက်ခဲ့သည်။

"ကျွန်တော်တို့ ဆဲဗင်းဇူလိုင်ပွဲမျိုး ‌ပါမောက္ခချုပ်တက်တာပထမဆုံးပဲ၊ ခုလက်ရှိ ဒီပါမောက္ခချုပ်အသစ် ဒေါက်တာ အောင်အောင်မင်းအနေနဲ့က ကျွန်တော်တို့နဲ့က ညှိလို့နှိုင်းလို့အဆင်ပြေတဲ့အခါကျတော့ ကျွန်တော်‌တို့ကျောင်းသားတွေရဲ့ လိုအပ်ချက်ကို တတ်နိုင်တဲ့ဘက်က ဖြည့်ပေးနေပါတယ်။ အခုလက်ရှိအထိတော့၊ အခုလိုမျိုး ညှိနှိုင်းပြီးဆက်သွားမယ်ဆိုတဲ့ အခါကျတော့ တောင်းဆိုတဲ့တောင်းဆိုချက်တွေ ကျောင်းသားထုအခွင့်အရေးတွေဟာ ဒီထက်ပိုပြီး ရလာမယ်လို့လည်း မျှော်လင့်ပါတယ်၊ အရင်တုန်းက ပါမောက္ခတွေမှာ ဘာမှထောက်ပံ့မှုမှမရှိခဲ့ပါဘူး" ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဒု-ဥက္ကဋ္ဌ ကိုဘုန်းမြင့်ကျော်က ပြောကြားသည်။

ရတနာပုံတက္ကသိုလ်တွင် ရတကသ နှင့် ဗကသဆိုသည့် ကျောင်းသားနှစ်ဖွဲ့ရှိရာ ဗကသများအနေနှင့် ကဗျာရွတ်ပွဲနှင့်  အောက်မေ့ဖွယ်အခမ်းအနားလုပ်ခဲ့ကြောင်း၊ ရတနာပုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ လုပ်သည့်ပွဲဖြစ်သောကြောင့် ကူညီ ထားမှုလည်းရှိသည်ဟု ရတနာပုံတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းက ပြောပြသည်။ 

"ကျောင်းဘက်ကလည်း အခမ်းအနားပြင်တာတွေ ကူညီထားပါတယ်။ ရတနာပုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ လုပ်လို့ကတော့ ကျွန်တော်က ဘာပွဲလုပ်လုပ်တက်ရမှာပဲ၊ ဒီပွဲကိုလည်း ခွင့်ပြုချက်တွေတောင်းပြီးမှလုပ်တာ၊ ခွင့်မပြုစရာ အကြောင်းမရှိဘူး၊ ကိုဗစ်-၁၉ ကာလဖြစ်တဲ့အတွက် ကြွရောက်လာတဲ့သူတွေ ကျန်းမာရေးကိုလိုက်စားပေးပါ"ဟု  ဒေါက်တာအောင်အောင်မင်းက ပြောဆိုသည်။

ကျောင်းသားများ အထွတ်အမြတ်ထားရာ ရန်ကုန်မြို့ရှိ ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဦးနေဝင်းအစိုးရ လက်ထက် ၁၉၆၂ ခုနှစ် ၇ လပိုင်း ၈ ရက်နေ့က ဗုံးခွဲဖျက်ဆီးခဲ့ရာ ကျောင်းသားများသွေးမြေကျခဲ့ရသည်။ ယင်းသို့ သွေးမြေကျခဲ့ရသည်မှာ (၅၈) နှစ်မြောက် ရှိလာခဲ့ပြီဖြစ်သည်။

"နောင်တော်တွေ အဆက်ဆက်စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြတယ်၊ လက်ရှိလည်း စစ်အာဏာရှင်စနစ်သည် မပျက်သေးဘူး။ ကျွန်တော်တို့ကလည်း ဒီနေ့ဒီအချိန်ထိ စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေဆဲဖြစ်တယ်၊ ဒီအမိကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး ကို ဖြိုခွဲဖျက်ဆီးခဲ့တာ၊ ကျောင်းသားတွေ သွေးမြေကျတာကို ယနေ့အချိန်ထိ မမေ့သေးဘူး၊ စစ်အာဏာရှင်စနစ်ကို ဆက် လက်တော်လှန်သွားမယ်၊ အနာဂတ်မျိုးဆက်သစ်တွေဟာလည်း ဆဲဗင်းဇူလိုင်ဟာ ဘာလဲဆိုတာကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီနေ့ပွဲအခမ်းအနားကို ကျင်းပနေရခြင်းဖြစ်ပါတယ်"ဟု ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုသက်မောင်မောင်က ပြောဆိုသည်။

ဖြိုခွဲခံခဲ့ရသည့် ကျောင်းသားသမဂ္ဂအဆောက်အအုံနှင့်ပတ်သက်၍ အဆောက်အအုံဟောင်း မြေနေရာတွင် အဆောက် အအုံအသစ်ဆောက်ရန် စီစဉ်ခဲ့သော်လည်း ကျောင်းသားသမဂ္ဂအဆောက်အအုံ မဟုတ်သည့်အတွက် ကျောင်းသားများက  သဘောမတူသည့်အပြင် ကျောင်းသားများအနေနှင့် ဗုံးခွဲဖျက်ဆီးခဲ့သည်ဆိုသော သမိုင်းမှတ်တမ်းကို မဖျောက်ဖျက်ဘဲထား စေချင်သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ယခင်ကပြုလုပ်ခဲ့သည့် ဆဲဗင်းဇူလိုင် အခမ်းအနားများကို ပါမောက္ခချုပ်တက်ရောက်ခြင်းမရှိသည့်အပြင် လွတ်လပ်စွာ ကျင်းပခွင့် မရခဲ့ခြင်းများလည်း ရှိခဲ့ဖူးသည်။ 

ဟိန်းကို(VOM)