News

POST TYPE

NEWS

၂၀ဝ၈ ဖွဲ့စည်းပုံအောက်က ရွေးကောက်ပွဲတိုင်းပြည်ကံကြမ္မာကို မပြောင်းလဲနိုင်ဟု ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အခမ်းအနားက ထုတ်ပြန်
08-Jul-2020


ရန်ကုန်၊ ဇူလိုင် ၇

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင်ပြုလုပ်သည့် ရွေးကောက်ပွဲသည် တိုင်းပြည်ကံကြမ္မာကို မပြောင်းလဲနိုင်ကြောင်း ၅၈ နှစ်မြောက် ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အခမ်းအနားတွင် ပါဝင်သည့်ကျောင်းသားအဖွဲ့က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

၅၈ နှစ်မြောက် ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အခမ်းအနားကို ဇူလိုင် ၇ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တက္ကသိုလ်သမဂ္ဂ မြက်ခင်းပြင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းနေ့တွင် ကျဆုံးခဲ့သောကျောင်းသားများကို တစ်မိနစ်ငြိမ်သက်အလေးပြုခြင်း၊ ထုတ်ပြန်ချက်ဖတ်ကြားခြင်း၊ လွမ်းသူ့ ပန်းခွေချခြင်းတို့ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသား ၁၀ ဦးခန့်က အလံ၊ လွမ်းသူ့ ပန်းခွေတို့ကိုင်ဆောင်ကာ အဓိပတိလမ်းအတိုင်းချီတက်၍ သမဂ္ဂမြက်ခင်းပြင်၌ အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေချခြင်း၊ ထုတ် ပြန်ချက်ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့သည်။



၅၈ နှစ်မြောက် ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အခမ်းအနား၏ သဘောထားထုတ်ပြန်ချက်တွင် ၂၀ဝ၈ ဖွဲ့စည်းပုံအောက်ရှိ အလိမ်အညာလွှတ်တော်နှင့် ရွေးကောက်ပွဲသည် တိုင်းပြည်ကံကြမ္မာကို မပြောင်းလဲနိုင်။ ကျွန်ုပ်တို့ကျောင်းသားပြည်သူအပေါင်းတို့၏ လွတ်မြောက်ရေးအတွက် အဖြေသည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ပစ်ရေးသာဖြစ်သည်ဟူ၍ ပါဝင်သည်။

"ဆဲဗင်းဇူလိုင်က ၅၈ နှစ်သာမြောက်သွားတယ် အာဏာရှင်စနစ်မပျောက်သေးတာကိုတွေ့ရတယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားတွေရာနဲ့ချီပြီး အသတ်ခံခဲ့ရတယ်။ ဆဲဗင်းဇူလိုင်က စစ်အာဏာရှင်စနစ်ကို ပထမဦးဆုံးတွန်းလှန်ခဲ့တဲ့ ကျောင်း သားလှုပ်ရှားမှုဖြစ်တယ်" ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကောင်းဆက် က ပြောကြားသည်။

ထို့အပြင် သမဂ္ဂအဆောက်အအုံသည် တစ်နိုင်ငံလုံးရှိ ကျောင်းသားများနှင့်သက်ဆိုင်ပြီး သမိုင်းဆိုင်ရာဂုဏ်သိက္ခာ ကြီးမားသောအဆောက်အအုံဖြစ်သည့်အတွက် ပြန်လည်တည်ဆောက်ရေးတွင်လည်း တစ်ဦးတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့ ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်လို့မရကြောင်း၊ လက်ရှိအချိန်တွင် သမဂ္ဂအဆောက်အအုံကို ပြန်လည်တည်ဆောက်ရေးအတွက် အစီအစဉ်မရှိကြောင်း ၎င်းကပြောကြားသည်။

ပြီးခဲ့သည့်နှစ် ဆဲဗင်းဇူလိုင် ၅၇ နှစ် ပြည့်နေ့တွင် တံတားဖြူကန်ဘောင်မှ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရင်ပြင်သို့ ချီတက်အလေးပြုခဲ့သော ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုမင်းဟန်ထက်၊ ကိုဇင်မင်းဖြိုး အပါအဝင် ကျောင်းသား ၈ ဦးကို လှိုင်မြို့နယ်ရဲစခန်းက ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့သည်။

လွန်ခဲ့သည့် ၁၉၆၂ ဇူလိုင်လ ၇ ရက်တွင် တက္ကသိုလ်အဆောင်စည်းကမ်းများကို ကန့်ကွက်ဆန္ဒပြသောကျောင်းသားများကို ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း စစ်အစိုးရက ပစ်ခတ်နှိမ်နင်းခဲ့ပြီး ဇူလိုင် ၈ ရက် နံနက်အစောပိုင်းတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဗုံးခွဲဖျက်ဆီးခဲ့ကာ ယင်းဖြစ်ရပ်ကို အစွဲပြု၍ ဆဲဗင်းဇူလိုင်အခမ်းအနားကို ကျင်းပကြ ခြင်းဖြစ်သည်။           

J-20