News

POST TYPE

NEWS

လားရှိုးမြို့ရှိ စည်ပင်သာယာဈေးများ ပြန်ဖွင့်
07-Jul-2020


လားရှိုး၊ ဇူလိုင် ၆

လားရှိုးမြို့ပေါ်ရှိ စည်ပင်သာယာ ဈေးကြီး ၅ ခု ဧပြီလကတည်းက ပိတ်ထားခဲ့ရာမှ ဇူလိုင်လဆန်းကစ၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ယင်းမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနထံမှ သိရသည်။ 

“လားရှိုးမြို့နယ်တစ်ခုလုံးကို အသွားအလာကန့်သတ်မှုတွေလုပ် ဈေး တွေပိတ်ထားလိုက်ပေမယ့် ရွှေလီ ဖယောင်းတိုင်ဈေးကတော့ ည ၁၀ နာရီ လောက်ဆို စခင်းကြတာ။ နောက်နေ့ မနက် ၇ နာရီအထိ ဈေးကြီးအပြင်က ဗိုလ်ချုပ်လမ်းတစ်လျှောက် ခင်းကြတယ်။ ဒေသတွင်းကျေးရွာတွေတင်မကဘဲ အနီးဝန်းကျင် မြို့တွေဖြစ်တဲ့ ကွမ်းလုံ၊ ဟိုပန်၊ မိုင်းရယ်၊ နမ့်ပေါင်၊ သီပေါ၊ ကျောက်မဲ မြို့နယ်တွေက ဈေးလာရောင်းသူ၊ ဝယ်သူ တွေရှိတော့ ဖယောင်းတိုင်လေးတွေ ထွန်းပြီး ကုန်စိမ်းဈေးခင်းကြရတာပါပဲ။ မြို့ပေါ်မှာလည်း Home Stay နေကြရတော့ ဆိုင်ကယ်နဲ့လာရောင်းတဲ့ ဈေးသည်ဆီက ဝယ်စားရတယ်” ဟု ဒေသခံမြမြဝင်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် ဒေသခံများ အနေနှင့် ညမထွက်ရအမိန့်ကို လိုက်နာနေကြပြီး နေ့အချိန်တွင် ပုံမှန်အတိုင်း သွားလာနေကြသော်လည်း ည ၁၂ နာရီမှ နောက်နေ့နံနက် ၄ နာရီအတွင်း အသွား အလာမရှိကြောင်း၊ ရွှေလီဟင်းသီးဟင်း ရွက်ကုန်စိမ်းဈေးမှာမူ ဒေသလိုအပ်ချက်အရ ည ၁၀ နာရီမှ နံနက် ၇ နာရီအတွင်း ရောင်းဝယ်ခွင်ပြုထားသည်ဟု လားရှိုးမြို့ နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါဈေးတွင် ကုန်စိမ်းဈေးခင်း သူ မခင်လေးက “ကုန်တွေက တောင်ကြီး လမ်းကလာတယ်။ ည ၁၂ နာရီလောက်မှ ရောက်တော့ ကားပေါ်ကချပြီးတာနဲ့ မိုး မလင်းခင် ဈေးခင်းရောင်းရတာပဲ” ဟု ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် Covid-19 ကာလအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားခဲ့ရာ ယင်း အမိန့်မှာ ဆက်လက်တည်မြဲနေဆဲဖြစ်ကြောင်း လားရှိုးမြို့နယ်အထွေထွေအုပ် ချုပ်ရေးဌာနက ထုတ်ပြန်ထားသည်။

Covid-19 ရောဂါကူးစက်မှု မရှိ စေရေးနှင့် အချိန်မီထိန်းချုပ်နိုင်စေရန် ဧပြီလ ၂၀ ရက်နေ့ကစ၍ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ရာ ယခင်က ည၁၀ နာရီ မှ နောက်နေ့နံနက် ၄ နာရီဟု သတ်မှတ် ထားသော်လည်း မေလ ၁၅ ရက်နေ့တွင် ည ၁၂ နာရီမှ နောက်နေ့နံနက် ၄ နာရီဟု ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ ယင်းအမိန့်မှာ ဆက်လက်တည်မြဲနေဆဲဖြစ်ကြောင်း လားရှိုးမြို့ရှိအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းက ပြောဆိုသည်။

လားရှိုးမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားစဉ်ကာလအတွင်း အမိန့်မလိုက်နာသူ ငါးဦးကို ကူးစက်ရောဂါဆိုင် ရာထိန်းချုပ်ရေးဥပဒေအရ တရားစွဲဆို တင်ပို့ခဲ့ပြီးဖြစ်ရာ ၎င်းတို့အနေနှင့် ထောင်ဒဏ်ကျခံခဲ့ကြရသည်ဟု လားရှိုးမြို့ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

R-07