News

POST TYPE

NEWS

ဝေါမြို့မှ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ကို မူးယစ်ဆေးဝါးများနှင့်အတူဖမ်းမိ
07-Jul-2020
တောင်ငူ၊ ဇူလိုင် ၆

ပဲခူးတိုင်း ဝေါမြို့နယ် အေးချမ်းသာ ယာရပ်ကွက်ရှိ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ကြီးကို ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မူးယစ်စိတ်ကြွဆေး ဝါးများနှင့်အတူ ဖမ်းဆီးမိခဲ့သည်ဟု ဝေါမြို့မရဲစခန်းထံမှ သိရှိရသည်။

“သတင်းအရ စောင့်နေတုန်း ကျောင်းထဲထွက်လာတဲ့သူကို မူးယစ်ဆေးနဲ့အတူဖမ်းမိတော့ ကျောင်းထဲကို ဝင်စစ်တဲ့အချိန်မှာဖမ်းမိတာပါ။ ကျောင်းတာဝန်ခံဖြစ်တဲ့ ကျောင်းအုပ်ကြီးထံကလည်း ဆေးပြား ၁၃၀၀ ခန့်နဲ့ အိုက်စ် ပုံဆောင်ခဲအချို့ ဖမ်းမိတယ်” ဟု ဝေါမြို့မ ရဲစခန်းမှူး ဒုရဲမှူးနိုင်စိုးက ပြောကြားသည်။

အဆိုပါနေ့ မွန်းလွဲပိုင်းက ဝေါ မြို့နယ် အေးချမ်းသာယာရပ်ကွက်ရှိ အ-လ-က ( ခွဲ) ကျောင်းထဲမှထွက်လာသူ ဆင်ကြီး (ခ) ဘိုဘိုဇင် (၄၆ နှစ်) ထံမှ WY အမှတ်အသားပါ စိတ်ကြွဆေး ၈ ပြား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာမှ ကျောင်းဝင်းထဲရှိ ကျောင်းအုပ်ကြီးထံမှ ဝယ်ယူလာကြောင်းသိရှိရသဖြင့် တာဝန်ရှိသူများက သွားရောက်ရှာဖွေရာ ကျောင်း ရုံးခန်းတွင်ထိုင်နေသည့် ဦးမောင်မောင်စိုး (၅၅ နှစ်) ၏ အင်္ကျီအိပ်ကတ်အတွင်း ပလတ်စတစ်ဖြင့်ထည့်ထားသည့် WY စာတန်းပါ စိတ်ကြွဆေးပြား၂၀၀ ပါ တစ်ထုပ်၊ ရုံးခန်းစားပွဲပေါ်မှ ပလတ်စတစ် ဖြင့်ထုပ်ထားသော ဆေးပြား၂၀၀ ပါ အထုပ်သုံးထုပ်နှင့် ဆေးပြား ၁၀၀ ပါ အထုပ်တစ်ထုပ်၊ ကော်ဘူးအတွင်းထည့် ထားသည့် WY စာတန်းပါဆေးပြား ၄၀၀ စုစုပေါင်း စိတ်ကြွဆေး ၁၃၀၀ ပြား အလေးချိန် ၁၃၀ ဂရမ်ခန့်နှင့် ပလတ်စတစ် ဖြင့်ထုပ်ထားသည့် (ICE) ဟု ယူဆရ သော အဖြူရောင် ပုံဆောင်ခဲ တစ်ဂရမ် ခန့်ကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရှိရသည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ ရှိသူ မောင်မောင်စိုးနှင့် ဘိုဘိုဇင် (ခ) ဆင်ကြီးတို့ကို ဝေါမြို့မရဲစခန်းက မယ (ပ)၁/၂၀၂၀ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သောဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၁၉ က/၂၀ (က)တို့ဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု အဆိုပါ ရဲစခန်းထံမှ ထပ်မံသိရသည်။

R-02