News

POST TYPE

NEWS

ဖားကန့်မြေပြိုမှုဖြစ်စဉ် ကချင်နယ်လုံဝန်ကြီးနှင့် လုံခြုံရေးတာဝန်ရှိသူတစ်ဦးကို တပ်မတော်အရေးယူ
06-Jul-2020
ရန်ကုန်၊ ဇူလိုင် ၆

ကချင်ပြည်နယ် ဖားကန့်ဒေသ ဝှေခါကျောက်မျက်လုပ်ကွက်တွင် မြေသားပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ရာနှင့်ချီသေဆုံးသည့် ဖြစ်စဉ်တွင် တာဝန်ရှိခဲ့သည့် လုံခြုံရေးဆိုင်ရာ အဓိက တာဝန်ရှိခဲ့သည့် တပ်မှူးတစ်ဦးနှင့် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ကို အရေးယူလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က လုံခြုံရေးဆိုင်ရာ အဓိက တာဝန်ရှိသည့် တပ်မှူးတစ်ဦးအားလည်းကောင်း၊ ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအားလည်းကောင်း မူလစစ်ဘက်တာဝန်များအား ပြန်လည်ထမ်းဆောင်စေကာ လိုအပ်သည့် အရေးယူဆောင်ရွက်နိုင်ရေး တပ်မတော်မှ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် လစ်လပ်သွားသည့် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာအတွက် အစားထိုးခန့်အပ်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းလည်း တပ်မတော်သတင်းထုတ်ပြန်ချက်ကဆိုသည်။

လက်ရှိတွင် လူရာချီ သေဆုံးခဲ့သည့် ဝှေခါမှော် မြေပြိုကျမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ဇူလိုင် ၄ ရက် ညနေပိုင်းက ပြည်ထောင်စုဝန်ကြီးအချို့ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်သည်လည်း ဖားကန့်ဒေသသို့ သွားရောက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကာ ယင်းကော်မရှင်အနေနှင့်တော့ ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမရှိသေးပေ။

ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဝှေခါ ကျောက်မျက်မှော် မြေပြိုကျမှုဖြစ်စဉ်တွင် ရေမဆေးကျောက် ရှာဖွေသူ ၁၇၂ ဦးသေဆုံးကာ ၅၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေသူများကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

S-04