News

POST TYPE

NEWS

ယခင်နှစ်ထက် ပြည်ပပို့ဆန်ဈေးနှုန်းများ ပိုမိုရရှိ
06-Jul-2020
ရန်ကုန်၊ ဇူလိုင် ၆

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ မှတ်တမ်းများအရ ပြည်ပသို့ဆန်တင်ပို့သည့် နှုန်းထားများသည် ယခင် ၂၀၁၉ ခုနှစ်ထက် ဈေးနှုန်းပိုမိုရရှိကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက ဆန်ချောအမျိုးအစားမှာ ဆိပ်ကမ်းအရောက်ဈေးနှုန်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၅ မှ ၃၄၀ အထိရရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းတွင် အမေရိကန်ဒေါ်လာ ၄၄၀ မှ ၄၅၀ အထိရရှိကြောင်း၊ ၁၀၀ ရာခိုင်နှုန်းအကျိုးအကြေပါဝင်သည့် ဆန်ကွဲမှာလည်း ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၇၀ မှ ၂၇၅ အထိဈေးရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းတွင် ကန်ဒေါ်လာ ၃၀၀ မှ ၃၁၀ အထိရရှိခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်က ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၅ မှ ၄၃၅ အထိရရှိပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် အမေရိကန်ဒေါ်လာ ၄၇၅ မှ ၄၈၅ အထိရရှိကြောင်း၊ ငစိန်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၀ မှ ၃၃၅ ရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ကန်ဒေါ်လာ ၄၃၀ မှ ၄၄၀ အထိရရှိခဲ့ကြောင်း ယင်းမှတ်တမ်းများအရ သိရသည်။

ပြည်ပတင်ပို့သည့် ဆန်အမျိုးအစားများသည် အမျိုးအစားအပေါ်မူတည်၍ အရည်အသွေး၊ စံချိန်စံနှုန်းအလိုက် ဈေးနှုန်းများကွာခြားနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုအဖြစ် မက်ထရစ်တန်ပေါင်း ၂ သန်းကျော်တင်ပို့ထားပြီး တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၆၂၁ သန်းကျော် ရရှိထားခြင်းဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်က ဆန်နှင့်ဆန်ကွဲတင်ပို့ငွေ အမေရိကန်ဒေါ်လာ ၅၂၂ သန်းကျော်ရရှိခဲ့သောကြောင့် ယခင်နှစ်ထက် ဆန်နှင့် ဆန်ကွဲပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၈ သန်းကျော် ပိုမိုရရှိထားကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

S-07