News

POST TYPE

NEWS

ပဲခူး-ရန်ကုန်နှင့် ရန်ကုန်-ရေး ရထား ဇူလိုင် ၆ ရက်တွင် ပြန်လည်ပြေးဆွဲမည်
06-Jul-2020
ရန်ကုန်၊ ဇူလိုင် ၅ 

COVID-19 ကြောင့် သုံးလကျော်ကြာ ပြေးဆွဲမှုရပ်နားထားသော ပဲခူး - ရန်ကုန် RBE ရထားနှင့် ရန်ကုန်- ရေး ရထားကို ဇူလိုင် ၆ ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှသိရသည်။

အဆိုပါ ပြေးဆွဲမည့်ခရီးစဉ်များ အနေဖြင့် ရန်ကုန်-ပဲခူးလက်မှတ်ခမှာ ခရီးသည်တစ်ဦးလျှင် ၆၀ဝ ကျပ်ဖြစ်ပြီး ရန်ကုန်မှရေးအထိ ရထားလက်မှတ်ခမှာ အထက်တန်းတစ်စောင်လျှင် ၆၄၅၀ ကျပ် နှင့် ရိုးရိုးတန်းတစ်စောင်လျှင် ၃၂၅၀ ကျပ်တို့ဖြစ်ကြောင်း မြန်မာ့မီးရထား (တိုင်းအမှတ်-၇)မှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးဇော်လွင်က ပြောကြားသည်။

ပဲခူး-ရန်ကုန်ခရီးစဉ်တွင် အမှတ် ၁၄ အစုန် RBE ရထားသည် ပဲခူးဘူတာ မှ နံနက် ၅နာရီ ၃၅ မိနစ်တွင် ထွက်ခွာကာ ရန်ကုန်ဘူတာကြီးသို့ နံနက် ၈ နာရီ ၄၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး အမှတ် ၁၃ အဆန် ျွနြ ရထားသည် ရန်ကုန်ဘူတာကြီးမှ ညနေ ၅နာရီ ၅မိနစ်တွင် ထွက်ခွာပြီး ပဲခူးဘူတာသို့ ည ၇ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။

ထို့ပြင် ရန်ကုန်မှ မော်လမြိုင်သို့ ဇွန်လ ၆ ရက်နေ့တွင် စတင်ပြေးဆွဲပေးခဲ့သော အမှတ် ၈၁ အဆန်၊ ၈၂အစုန် အမြန်ရထားကို ဇူလိုင် ၆ ရက်နေ့မှစ၍ ခရီးစဉ်တိုးချဲ့ပြီး ရေးမြို့အထိ ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှသိရသည်။

ရန်ကုန်-ရေးခရီးစဉ်တွင် အမှတ် ၈၁ အဆန်အမြန်ရထားသည် ရန်ကုန်မှ ည ၈ နာရီ ၁၅ မိနစ်တွင် ထွက်ခွာကာ မော်လမြိုင်သို့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး နံနက် ၇နာရီ၌ ဆက်လက်ထွက်ခွာပြီး ရေးဘူတာသို့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ရောက်ရှိ မည်ဖြစ်သည်။

အမှတ် ၈၂ အစုန်အမြန်ရထားသည် ရေးဘူတာမှ မွန်းလွဲ ၂နာရီ ၄၅ မိနစ်တွင် ထွက်ခွာပြီး မော်လမြိုင်သို့ ည ၈ နာရီ ၃၀မိနစ်တွင် ရောက်ရှိကာ ည ၉ နာရီ တွင် ဆက်လက်ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၆ နာရီ ၄၅ မိနစ် တွင် ရောက်ရှိမည်ဖြစ်သည်။

ယင်းအပြင် သာစည်-ရွှေညောင် လမ်းပိုင်း၌ ပြေးဆွဲနေသော အမှတ် ၁၄၁ အဆန်၊ ၁၄၂အစုန်ရထားနှင့် ဂန့်ဂေါ - ကလေး လမ်းပိုင်း၌ ပြေးဆွဲနေသော အမှတ် ၁၃၉ အဆန်၊ ၁၄၀အစုန်ရထားများကိုလည်း ဇူလိုင်လ  ၆ ရက်နေ့မှစ၍ ပြန်လည် ပြေးဆွဲပေးမည်ဖြစ်သည်။

ရထားအချိန်စာရင်း အသေးစိတ်ကို သက်ဆိုင်ရာဘူတာများတွင် ကြေညာပေးသွားမည်ဖြစ်ကာ ယခုလက်ရှိတွင်ရထားစီးနင်းသည့် ခရီးသည်များအတွက် ခရီးသည်တစ်ဦးလျှင် ထိုင်ခုံ ၂ နေရာ နှုန်း ဖြင့် စီစဉ်ရောင်းချပေးနေပြီး ရထားလက်မှတ်ခမှာလည်း တစ်ဦးအတွက်သာယူသည့်အတွက် ခရီးသည်များအတွက် ကုန်ကျစရိတ်သက်သာကြောင်း သိရသည်။

S-05