News

POST TYPE

NEWS

လာအိုနိုင်ငံမှပြန်လာသူနှင့် ထိတွေ့ခဲ့ပြီး သေဆုံးသွားသူတွင် ပိုးမတွေ့အဖြေထွက်
06-Jul-2020


တောင်ငူ၊ ဇူလိုင် ၅

ပဲခူးတိုင်း သဲကုန်းမြို့နယ်၌ လာအိုနိုင်ငံမှ ပြန်လာသူတစ်ဦးနှင့် ထိတွေ့ဆက်စပ်ခဲ့သူ ငါးဦးအနက် ဇူလိုင်လ ၂ ရက်နေ့က ရုတ်တရက်သေဆုံးသွားခဲ့သူ အမျိုးသားတွင် ကိုဗစ်-၁၉ ပိုးမတွေ့ အဖြေထွက်ခဲ့ကြောင်း ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးငြိမ်းက ပြောကြားသည်။

“လာအိုက ပြန်လာတဲ့သူအိမ်မှာ တစ်ညအိပ်သွားတဲ့သူ။ ထိတွေ့ဆက်စပ်သူ ငါးဦးကို Quarantine ထားနေတုန်း နှာခေါင်းတို့ဖတ် မယူရသေးခင်ဆုံးသွားတာပါ။ အခုတော့ ကျန်လေးဦးရော လာအိုပြန်ရော သေဆုံးသူပါ နက်ဂတစ် အဖြေထွက်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။

လာအိုနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူတစ်ဦး သက်ဆိုင်ရာကိုအသိ‌မပေးဘဲ နေထိုင်လျက်ရှိသည်ကို သိရှိရပြီးနောက် လွန်ခဲ့သည့် ၁၀ ရက်ခန့်က Quarantine စခန်းတွင် စောင့်ကြည့်မှုခံယူစေခဲ့ကြောင်း၊ ၎င်းနှင့်ထိတွေ့ ဆက်စပ်သူငါးဦးကို တံခွန်တိုင်ကျေးရွာ ကူကြီးဓမ္မာရုံ၌ စောင့်ကြည့်မှုခံယူနေစဉ် အဆိုပါအမျိုးသား ရုတ်တရက်သေဆုံးခဲ့ရခြင်းဖြစ်သည်။

"အခင်းဖြစ်နေ့မှာပဲ တို့ဖတ်နမူနာယူပြီး စစ်ဆေးဖို့ ရန်ကုန်ပို့ထားတာပါ။ သေဆုံးသူအလောင်းကို ဇူလိုင်၂ ရက်နေ့ကပဲ ကျန်းမာရေးဌာန ညွန်ကြားချက်အတိုင်း မီးသင်္ဂြိုဟ်ခဲ့ပါတယ်"ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောဆိုသည်။  

R-02