News

POST TYPE

NEWS

အစိုးရသစ်လက်ထက် လေးနှစ်တာသက်တမ်းအတွင်း သိမ်းဆည်းမြေ ဧကတစ်သောင်းကျော် ပြန်ပေးနိုင်ခဲ့ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်ပြော
06-Jul-2020
ဓာတ်ပုံ-ဧရာဝတီတိုင်းအစိုးရ

ပုသိမ်၊ ဇူလိုင် ၅

အစိုးရသစ်လက်ထက် လေးနှစ်တာသက်တမ်းအတွင်း ဧရာဝတီတိုင်းအတွင်း၌ သိမ်းဆည်းခံမြေဧက တစ်သောင်းနှစ်ထောင်ခန့် ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးလှမိုးအောင်က ပြောကြားသည်။

"အစိုးရသစ်လက်ထက် လေးနှစ်တာကာလအတွင်း မြို့နယ်ပေါင်း ၁၉ မြို့နယ်မှာရှိတဲ့ ရပ်ကွက်ကျေးရွာအုပ်စုတွေက တောင်သူ ၂၀၅၃ ဦးရဲ့ လယ်မြေ ၁၁,၉၅၆ ဒသမ ၈၀၉ ဧကကို လုပ်ပိုင်ခွင့်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်" ဟု ၎င်းကရှင်းပြသည်။

စွန့်လွှတ်မြေများ ပြန်လည်လက်ခံရရှိသည့် သိမ်းဆည်းခံမြေများနှင့်ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီက ချမှတ်ပေးထားသည့် မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ပြီး မူလတောင်သူများထံ  ပြန်လည်ပေးအပ်ခြင်း၊ လျော်ကြေး၊ နစ်နာကြေးပေးအပ်ခြင်းများကို မူလတောင်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊  အလေအလွင့်မဖြစ်စေရေးနှင့် မှန်မှန်ကန်ကန်ဖြစ်စေရေးတို့အတွက် အလေးထားဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်  ဦးလှမိုးအောင်က ဆက်လက်ပြောကြားသည်။

မြောင်းမြမြို့၌ ဇွန်လကုန်ပိုင်းကပြုလုပ်သည့် စွန့်လွှတ်မြေများ မူလပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်ပေးအပ်သည့် အခမ်းအနားတွင် သိမ်းဆည်းခံလယ်မြေ ၂၆၃ ဒသမ ၇ ဧကကို မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်ခဲ့ရာ ကျေးရွာအုပ်စု ၉ အုပ်စုမှ တောင်သူ ၈၁ ဦး ရရှိခဲ့သည်။

"ကုမ္ပဏီသိမ်းမြေ၊ စီမံကိန်းသိမ်း မြေအချို့ပြန်ရပေမယ့် ချောင်းသာ၊ ရွှေသောင်ယံ၊ ပန်းတနော်၊ ကျောင်းကုန်း၊  အိမ်မဲမြို့နယ်တွေက တပ်သိမ်းမြေအချို့ ပြန်မရသေးဘူး" ဟု လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်းဦးက The Voice Daily သို့ ပြောကြားသည်။

မစွန့်လွှတ်ရသေးသော သိမ်းဆည်းခံမြေများကို ကော်မတီအသီးသီးက အမြန်ဆုံးစိစစ်၍ မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်နေကြောင်း၊ လျော်ကြေး၊ နစ်နာကြေးပေးရမည့် ကိစ္စရပ်များကိုလည်း ဗဟိုကော်မတီကချမှတ်ထားသော  မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးနေကြောင်း ဧရာဝတီတိုင်း လယ်ယာမြေနှင့်အခြားမြေ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီထံမှ သိရသည်။ 

R-04