News

POST TYPE

NEWS

Covid-19 Fund သို့ ကျပ် ၁၀ဝ ဘီလီယံ ထပ်မံဖြည့်တင်းမည်
06-Jul-2020
ရန်ကုန်၊ ဇူလိုင် ၅

Covid-19 ကြောင့် ထိခိုက်နစ်နာမှုရှိနေသည့် လုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာအကူအညီ ဆက်လက်ပေးနိုင်ရေးအတွက် အစိုးရက Covid-19 Fund သို့ ကျပ် ၁၀ဝ ဘီလီယံ ထပ်မံဖြည့်တင်းပေးမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

Covid-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏ ၆/၂၀၂၀  အစည်းအဝေးတွင်ဆုံးဖြတ်၍ ထပ်မံဖြည့်တင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနသည် ပြည်ထောင်စု၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထွေထွေပိုလျှံရန်ပုံငွေကျပ် ၁၅၀ ဘီလီယံထဲမှ Covid-19 Fund သို့ ကျပ် ၁၀ဝ ဘီလီယံဖြည့်တင်းရန်၊ ထို့ပြင် Covid-19 Fund စတင်တည်ထောင်စဉ်က ထည့်ဝင်ထားသည့် လူမှုဖူလုံရေးအဖွဲ့ရန်ပုံငွေသို့ ကျပ် ၅၀ ဘီလီယံကို လွှဲပြောင်းထုတ်ပေးမည်ဖြစ်ကြောင်း  ယင်းဌာနထံမှ သိရသည်။

"ဒီချေးငွေနဲ့ပတ်သက်ပြီး အသေးစိတ်ညွှန်ကြားချက်ထပ်လာရင် SME Page ကနေထပ်တင်ပေးပါ့မယ်" ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနထံမှသိရသည်။

Covid-19 Fund သို့ ဖြည့်တင်းပေးရာတွင် ကျပ် ၁၀ဝ ဘီလီယံကို သုံးကြိမ်ခွဲ၍ ပထမအကြိမ်ကျပ် ၃၅ ဘီလီယံ၊  ဒုတိယအကြိမ် ကျပ် ၃၅ ဘီလီယံ၊ တတိယအကြိမ် ကျပ် ၃၀ ဘီလီယံ ဖြည့်တင်းပေးမည်ဖြစ်သည်။

Covid-19 Fund မှ ဆက်လက်ထုတ်ချေးမည့် ချေးငွေများအတွက် ချေးငွေလျှောက်ထားနိုင်သည့် လုပ်ငန်းအမျိုးအစားများ၊ ချေးငွေအတိုးနှုန်းနှင့် ချေးငွေသက်တမ်းစသည့်ချေးငွေစည်းကမ်း သတ်မှတ်ချက်များကို Covid-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးကော်မတီက ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနထံမှ သိရသည်။    

S-07