News

POST TYPE

NEWS

စောဒေးဗစ်လားအမှု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၅ ဖြင့် စွဲချက်တင်စစ်ဆေးမည်
03-Jul-2020
ရန်ကုန်၊ ဇူလိုင် ၂

လူစုလူဝေးဖြင့် နှစ်သိမ့်ဓမ္မတေးသီဆိုဆုတောင်းပွဲပြုလုပ်ခဲ့သော စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့နှစ်ဦး၏ အမှုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် စွဲချက်တင်စစ်ဆေးရန် ဇူလိုင် ၂ ရက်နေ့က မရမ်းကုန်း မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်သည်။

ကိုဗစ်နိုင်တင်း(COVID-19) ကပ်ရောဂါကြောင့် နိုင်ငံတော်သမ္မတရုံးက လူစုလူဝေးဖြင့်ကျင်းပသည့် အခမ်းအနား၊ ပွဲလမ်းသဘင်များ မပြုလုပ်ရန် ညွှန်ကြားခဲ့သော်လည်း တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်း(နဝရတ်တေးသံသွင်း) တို့မှာ ပြီးခဲ့သည့် ဧပြီ ၇ ရက် ညပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ညီအစ်ကိုများ အသင်းတော်ဝင်းတွင် လူစုလူဝေးဖြင့် နှစ်သိမ့်ဓမ္မတေးသီဆိုဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

အစိုးရ၏ ညွှန်ကြားချက်များကိုမလိုက်နာဘဲ လူစုလူဝေးပြုလုပ်ခဲ့သည့် တရားဟောဆရာစောဒေးဗစ်လား အပါအဝင် သင်းအုပ်ဆရာ ဦးစောကွယ်ဝါး၊ အမှုတော်ဆောင်ဦးစောရေဂန်ဒီနှင့် ဦးဝေထွန်း(နဝရတ် တေးသံသွင်း) တို့ လေးဦးကို ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက အင်းစိန်မြို့မရဲစခန်းနှင့် မရမ်းကုန်းမြို့မရဲစခန်းတို့တွင် ဧပြီ ၁၄ ရက် နေ့က အမှုဖွင့်အရေးယူခဲ့သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဥပဒေ ပုဒ်မ ၂၅ ကို ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါက ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဥပဒေတွင်ဖော်ပြထားသည်။  

S-03