News

POST TYPE

NEWS

COVID-19 Fund က လုပ်ငန်း ၃၀၇ ခုကို ကျပ် ၁၄ ဘီလီယံကျော် ချေးငွေထုတ်ယူခွင့်ပြု
02-Jul-2020
ရန်ကုန်၊ ဇူလိုင် ၂

ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် သတ္တမအသုတ်အဖြစ် လုပ်ငန်း ၃၀၇ ခုကို ခွင့်ပြုငွေပမာဏကျပ် ၁၄ ဒသမ ၅၅၆၄ ဘီလီယံကို COVID-19 Fund မှ ချေးငွေထုတ်ယူခွင့်ပြုလိုက်ကြောင်း စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေး (၆/၂၀၂၀) ဆုံးဖြတ်ချက်အရ ချေးငွေထုတ်ယူခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါချေးငွေ ထုတ်ယူခွင့်ရရှိသူများကို ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများထုတ်ပေးမည်မဟုတ်ကြောင်း ယင်းကော်မတီက အသိပေးကြေညာထားသည်။

“ချေးငွေမရတဲ့သူတွေကို စာရင်းထုတ်ပြီး ဘာတွေဆက်လုပ်သင့်တယ်ဆိုတာကို ထုတ်ပြန်ပေးသင့်တယ်။ မဟုတ်ရင် ချေးငွေရမလား၊ မရမလားမသိဘဲ စောင့်နေရတာ လုပ်ငန်းရှင်တွေအတွက်က အချိန်ကုန်ပြီး အလုပ်မဖြစ်ဘူး” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ချေးငွေထုတ်ယူခွင့်ပြုသည့် လုပ်ငန်းများထဲတွင် ဓာတ်မြေသြဇာလုပ်ငန်း၊ ဘီယာနှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်နှင့် စားဖွယ်စုံ၊ တံဆိပ်ရိုက်လုပ်ငန်း၊ ဟိုတယ်၊ မြန်မာထမင်းနှင့် အအေးဆိုင်၊ ခရီးသွားလုပ်ငန်းများ၊ ဂက်စ်အရောင်းဆိုင်၊ ပလတ်စတစ်ကော်စေ့လုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ ပဲငရုတ်ပြောင်းရောင်းဝယ်ရေး စသည့်လုပ်ငန်းများပါဝင်သည်။

ထို့ပြင် သစ်စက်လုပ်ငန်းများ၊ ဝန်ဆောင်မှုကုမ္ပဏီ၊ သောက်ရေသန့်လုပ်ငန်း၊ ဆန်စက်၊ လက်ဖက်လုပ်ငန်း၊ မုန့်လုပ်ငန်း၊ စက်ရက်ကန်းလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ပုသိမ်ထီးလုပ်ငန်း၊ ကျောက်စိမ်းပန်းချီပန်းပုလုပ်ငန်း၊ အိမ်တွင်းအလှဆင်လုပ်ငန်း၊ ကံ့ကော်ဆင့် အထည်ချုပ်လုပ်ငန်း၊ ကွန်ပျူတာစက်ပန်းထိုးလုပ်ငန်း၊ ဆွယ်တာလုပ်ငန်း၊ မြေပဲယိုနှမ်းယိုလုပ်ငန်း၊ စာပေလုပ်ငန်း၊ သင်္ကန်းဆိုင်၊ အုတ်၊ သဲ၊ ဗကျာက် ရောင်းဝယ်ထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်နှင့် ကုန်မာဆိုင် စသည့်လုပ်ငန်းများကိုလည်း ချေးငွေထုတ်ယူခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

S-07