News

POST TYPE

NEWS

လိုင်စင်ထုတ်ပေးမှုအပြောင်းအလဲကြောင့် ရွှေတင်ပို့မှုရပ်ဆိုင်းဟုဆို
02-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပေးသည့် ရွှေပြည်ပတင်ပို့သည့်လိုင်စင်အပြောင်းအလဲကြောင့် ပြည်ပသို့ရွှေတင်ပို့မှု ရပ်ဆိုင်းသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

“အရင်က လက်ငင်းစနစ် (TT) နဲ့ အရောင်းအဝယ်လုပ်ပေမယ့် အခုနောက် ပိုင်းထုတ်ပေးတဲ့လိုင်စင် (LC) စနစ်က ပြည်ပကိုရွှေတင်ပို့ရင် အာမခံကုမ္ပဏီနဲ့ သွားတာဖြစ်တဲ့အတွက် ချက်ချင်းရွှေယူ သွားလို့မရဘူး။ ဒီကုမ္ပဏီကပို့တဲ့အချိန်မှ တစ်ခါတလေ တစ်လလောက်ကြာတယ်။ အရောင်းအဝယ်အဆင်မပြေဘူး။ ရွှေ ဈေးက နေ့စဉ်အပြောင်းအလဲရှိနေတာ။ သူက အရောင်းအဝယ်ကြန့်ကြာသလိုဖြစ်တာ” ဟု ၎င်းကဆိုသည်။

ပြည်ပတင်ပို့ရာတွင်လည်း ကြန့် ကြာသည့်အပြင် လိုင်စင်လျှောက်ထားရာတွင်လည်း နှစ်ပတ်ခန့်ကြာမြင့်သောကြောင့် ရွှေလုပ်ငန်းရှင်များက LC စနစ်ဖြင့် ပြည်ပသို့ ရွှေမတင်ပို့ကြတော့ခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

အဆိုပါလိုင်စင်ထုတ်ပေးမှုနှင့်ပတ်သက်၍လည်း ယခင်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံ တင်ပြထားကြောင်း သိရသည်။

လက်ရှိတွင် ပန်းထိမ်လုပ်ငန်းများ အလုပ်မရှိတော့သည့်အတွက်ကြောင့်လည်း ပြည်ပသို့ရွှေတင်ပို့မှုမှာ လုံးဝရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

“ပြည်ပကိုရွှေပို့တယ်ဆိုတာ တစ်ခါမှတော့ မကြားမိဘူး။ ဘယ်သူတွေ ဘယ်လိုပို့နေကြလဲတော့ မသိဘူး။ သိသမျှကုန်သည်တွေထဲမှာ ပို့တဲ့သူတစ်ယောက်မှ မတွေ့မိဘူး။ သူတို့ကတော့ အခုမှရပ်သွားတယ်ပြောတယ်။ ကျွန်တော်ကတော့ ပို့တာကို သိကိုမသိတာ။ ဘယ်သူမှ မပို့ကြဘူးလို့ထင်နေတာ” ဟု တိတ်စိန်ရွှေဆိုင် လုပ်ငန်းရှင် ဦးဇော်အောင်က ပြောကြားသည်။

ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းရွှေဈေးမှာ အကယ်ဒမီမီးလင်းရွှေတစ်ကျပ် သားကို ကျပ် ၁,၂၁၆,၅၀၀ ပေါက်ဈေးရှိ ပြီး ပြည်တွင်းရွှေဈေးကွက်မှာ ပုံမှန်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

S-07