News

POST TYPE

NEWS

မြစ်ဆိပ်တွင် ရေချိုးနေသည့် ကိုးနှစ်အရွယ်မိန်းကလေး မိကျောင်းဆွဲခံရ၍ လက်ဖျံရိုးကျိုး
01-Jul-2020


ပုသိမ်၊ ဇွန် ၃၀

ဧရာဝတီတိုင်းဘိုကလေးမြို့နယ် ဂရမ်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာရှိ သကံမြစ်ကမ်းဘေးမြစ်ဆိပ်တွင် ရေချိုးနေသည့် အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦး ဇွန်လ၂၉ ရက်နေ့က မိကျောင်းဆွဲခံရ၍ လက်ဖျံရိုးကျိုးသွားကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ရွာသစ်ကျေးရွာ၌နေထိုင်သည့်  အသက် ၉ နှစ်အရွယ် မယမင်းသူသည် ၎င်းတို့အိမ်ရှေ့သကံမြစ်ကမ်းဘေးရှိ တံတား၌ အဘွားဖြစ်သူနှင့်အတူ ရေချိုးနေစဉ် မိကျောင်းဆွဲခံရခြင်းဖြစ်ပြီး အဘွားဖြစ်သူက အကူအညီတောင်းသဖြင့် ဖခင်နှင့်ဆွေမျိုးများက မယမင်းသူအား ဝိုင်းဝန်းဆွဲတင်ခဲ့ရာ မိကျောင်းလည်းလန့်၍ ထွက်ပြေးသွားကြောင်း၊ မိကျောင်းဆွဲခံရ၍ မယမင်းသူ၏ ဘယ်လက်ဖျံရိုးကျိုးသွားသဖြင့် ဘိုကလေးမြို့နယ်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက The Voice Daily သို့ပြောသည်။

"အသက်အန္တရာယ်မစိုးရိမ်ရတော့ပါဘူး။ ဒေသတွင်းနေထိုင်သူတွေအနေနဲ့ မြစ်၊ ချောင်းတွေမှာရေချိုးတာကို ဂရုစိုက်  ဆင်ခြင်သင့်ပါတယ်။ ရွာမှာဖြစ်တာပထမဆုံးအကြိမ်ပဲ။ ဘိုကလေးမြို့နယ်အတွင်းက မြစ်ချောင်းတွေမှာတော့ နှစ်စဉ်မိတ် လိုက်ရာသီချိန်ဆို ဖြစ်လေ့ရှိတယ်" ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ဒေသများအတွင်းရှိ မိကျောင်းများသည် ဧပြီလမှဇွန်လအထိ မိတ်လိုက်ပြီး ဇွန်လမှသြဂုတ်လအတွင်း အသိုက်ပြုလုပ်လေ့ရှိရာ မိကျောင်းများ၏ သဘာဝအမူအကျင့်အရလည်းကောင်း၊ မိခင်စိတ်ကြောင့်လည်းကောင်း၊ အစာအာဟာရကြောင့်လည်းကောင်း မြစ်ချောင်းအနီး နေထိုင်သူများ၊ လူနှင့်အိမ်မွေးတိရစ္ဆာန်များ မြစ်၊ချောင်းအတွင်း အသက်မွေးနေရသူများအတွက် မိကျောင်းအန္တရာယ်ရှိနေကြောင်း သဘာဝ၀န်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အောင်က ပြောကြားသည်။

"မတ်လကုန်ကစပြီး မိကျောင်းအန္တရယ်သတိပေးလက်ကမ်းကြော်ငြာတွေ ရွာစဉ်လှည့်ဝေတာကို နှစ်စဉ် ဆောင်ရွက်ပါတယ်။ ရွာတိုင်းမှာသတိပေး ဗီနိုင်းတွေကပ်ပါတယ်။ အခုလည်း မိကျောင်းကိုက်ခံရတဲ့ကလေးအတွက် ဝန်ထမ်းတွေစုပြီး ၅၀,ဝ၀ဝ ကျပ် ထောက်ပံ့ထားပါတယ်" ဟု ၎င်းကရှင်းပြသည်။

ဘိုကလေးမြို့နယ်အတွင်း မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ်ကြိုးဝိုင်းတို့ နှင့်ဆက်စပ်ရာနေရာများရှိ သဘာဝဒီရေတောများသည် ရေချိုရေငံစပ်မိကျောင်းများ မျိုးပွားခိုလှုံရာနေရာများဖြစ်ကြောင်း ဧရာဝတီတိုင်း သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ထံမှသိရသည်။ 

R-04