News

POST TYPE

NEWS

အလုပ်သမားဦးစီးမှူးက တရားစွဲဆိုထားသော အလုပ်သမား ၉၇ ဦးအမှု လူမစုံ၍ စစ်ဆေး၍မရ
30-Jun-2020
ရန်ကုန်၊  ဇွန် ၂၉

လှိုင်သာယာမြို့နယ်၊ အလုပ်သမားဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးကိုယ်တိုင် တရားလိုပြုလုပ်၍ တရားစွဲဆိုထားသော အလုပ်သမား ၉၇ ဦးအမှုမှာ တရားစွဲဆိုခံရသူ အလုပ်သမားများမစုံလင်၍ တရားရုံး၌ စစ်ဆေးရာတွင်ကြန့်ကြာနေကြောင်း အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေဒေါ်ပိုင်ပိုင်နှင်းအေး ကပြောကြားသည်။

"တရားစွဲခံရတဲ့ အလုပ်သမားတွေစုံမှစစ်မယ်ဆိုရင် အမှုကစစ်ဖြစ်မှာမဟုတ်ဘူး။ တချို့ကအလုပ်ပြောင်းသွားပြီ တချို့ ကမရှိတော့ဘူး။ ရုံးချိန်းတိုင်း အလုပ်သမားက ၁၅ ယောက်ပဲလာတော့ လုံးဝစစ်လို့မရဘူး" ဟု၎င်းကပြောကြားသည်။

လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်ရှိ Gust Myanmar အထည်ချုပ်စက်ရုံတွင် ဇန်နဝါရီလမှစတင်၍ အလုပ်သမားများသည် အကျိုးစီးပွားဆိုင်ရာ စုပေါင်းတောင်းဆိုမှုပြုလုပ်ခဲ့ရာ အကြိမ်ကြိမ်ညှိနှိုင်းရာတွင် အဆင်ပြေမှုမရှိသဖြင့် ဆန္ဒပြ၊ သပိတ်စခန်းဖွင့်တောင်းဆိုမှုများပြုလုပ်ခဲ့ပြီးနောက် Covid-19 ကာလအတွင်း စက်ရုံမှာအပြီးပိတ်သိမ်းခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ Gust Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၉၇ ဦးကို အလရဦးစီးမှူး ဦးသိန်းမင်းထွန်းက ၂၀၁၂ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေပုဒ်မ ၄၆(ဃ)၄၇ ဖြင့် မတ်လ ၁၃ ရက်နေ့တွင် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ပိုင်ပိုင်နှင်းအေးက ပြောသည်။

တရားစွဲဆိုခံရသော အလုပ်သမားများမှာ စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်ပြောင်းခြင်း၊ နယ်ပြန်သွားခြင်းများကြောင့် အမှုရင်ဆိုင်ရာတွင် လူဦးရေအပြည့်မရှိသဖြင့် တရားရုံးက အမှုကိုလက်ခံစစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းများသာပြန်ချိန်းနေသဖြင့် အလုပ်သမားများ အခက်အခဲဖြင့်ရင်ဆိုင်နေရကြောင်း တရားစွဲဆိုခံရသူ အလုပ်သမားခေါင်းဆောင် မအေးသူဇာကဆိုသည်။

ယင်းအမှုကို ဇူလိုင်လ ၁ ရက်နေ့ တွင် ထပ်မံရင်ဆိုင်ရမည်ဖြစ်ပြီး အလုပ်ရှင်ကလည်း အလုပ်သမားခေါင်းဆောင် ၆ ဦးကို ထပ်မံတရားစွဲဆိုထားကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ ၄၆(ဃ)မှာ ပြစ်မှုထင်ရှားပါက ဒဏ်ငွေသုံးသိန်းမှ ဆယ်သိန်းအထိ ပေးဆောင်ရမည်ဖြစ်ပြီး ပုဒ်မ ၄၇ မှာပြစ်မှုထင်ရှားပါက ဒဏ်ငွေသိန်းနှစ်ဆယ် ပေးဆောင်ရမည်ဖြစ်ကြောင်း ဥပဒေတွင်ဖော်ပြထားသည်။ 

J-01