News

POST TYPE

NEWS

သက်ထားသူဇာ တိုကျိုအိုလံပစ်ဝင်ခွင့်ရရန် လက်ရည်စစ်ပွဲကာလလေးလအတွင်း ကျင်းပမည့် ပြိုင်ပွဲအများစုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်
30-Jun-2020


ရန်ကုန်၊ ဇွန် ၂၉

မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာသည် တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် အဓိကကြိုးပမ်းသွားမည်ဖြစ်ပြီး လေးလအတွင်းကျင်းပမည့်  ပြိုင်ပွဲအများစုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သက်ထားသူဇာ၏ ဖခင် ဦးထွန်းထွန်းဇော်က ပြောသည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF)သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲကျင်းပမှု လေးလကျော်ရပ်နားထားပြီး သြဂုတ်မှစတင်ကာ ပြိုင်ပွဲများပြန်လည်ကျင်းပမည်ဖြစ်သည်။ 

သို့သော် ယခုနှစ်အတွင်းကျင်းပမည့် ပြိုင်ပွဲများမှ ရလဒ်များကို အိုလံပစ်ဝင်ခွင့်အတွက် ထည့်သွင်းတွက်ချက်မည်မဟုတ်ဘဲ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ  မေ ၂ ရက်အထိ သတ်မှတ်ထားပြီး ကျင်းပမည့်ပြိုင်ပွဲ ၂၄ ခုမှ ရလဒ်များကိုသာ တွက်ချက်သွားမည် ဖြစ်သည်။ 

BWF အနေနှင့် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် တွက်ချက်ရာတွင် ယခင်ရရှိထားသည့် ရမှတ်များကို ဆက်လက် ထည့်သွင်းသွားမည်ဖြစ်ပြီး သက်ထားသူဇာသည် အိုလံပစ်ဝင်ခွင့်တွင် အဆင့် ၂၇ နေရာရရှိနေသည်။

"လက်ရှိအနေအထားကတော့ ဘယ်ပြိုင်ပွဲတွေဝင်ပြိုင်မယ်၊ ပြိုင်ပွဲဘယ်နှစ်ခုပြိုင်မလဲဆိုတာ ပြောဖို့ခက်ပါသေးတယ်။ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ဘာမှပြောလို့မရသေးပါဘူး။ သေချာတာတစ်ခုကတော့ အိုလံပစ်ဝင်ခွင့်ရဖို့ အဓိကထားကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ကျင်းပမယ့်ပြိုင်ပွဲတွေကတော့ လက်လွှတ်သင့်ရင် လက်လွှတ်ရမယ့် အနေအထားဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ခု ဝင်ပြိုင်ပြီး ပြန်လာလို့ Quarantine ဝင်ရမယ်ဆိုရင် လေ့ကျင့်ထားတာတွေက အဆင်မပြေ နိုင်တော့ပါဘူး။ ဒီနှစ်ထဲကျင်းပမယ့် ပြိုင်ပွဲတွေကတော့ ရောဂါအခြေအနေအပေါ် ကြည့်ပြီးယှဉ်ပြိုင်မှာပါ။ အိုလံပစ်ဝင်ခွင့်အတွက် သတ်မှတ်ထားတဲ့ ပြိုင်ပွဲတွေမှာ အများစုကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအရေအတွက်ကို လက်ရှိအခြေအနေမှာ ပြောလို့မဖြစ်နိုင်သေးပေမယ့် အများစုမှာ ယှဉ်ပြိုင်မှာပါ" ဟု သက်ထားသူဇာ၏ ဖခင် ဦးထွန်းထွန်းဇော်က ပြောကြားခဲ့သည်။

သက်ထားသူဇာသည် တိုကျို အိုလံပစ်ဝင်ခွင့်ရရန် ၂၀၁၉ ခုနှစ်ကတည်းက ကြိုးပမ်းလာခြင်းဖြစ်ပြီး BWF က ကြီးမှူးကျင်းပသည့် ပြိုင်ပွဲအများစုတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အောင်မြင်မှုများရယူနိုင်ခဲ့သည်။ 

သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရယူနိုင်ခဲ့သလို သူမ၏ အိုလံပစ်ဝင်ခွင့်ကြိုးပမ်းမှုများကြောင့်လည်း နိုင်ငံတကာပြိုင်ပွဲများ စဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

သက်ထားသူဇာသည် နှစ်ဆန်းပိုင်းတွင် နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲသုံးခုသာ ယှဉ်ပြိုင်ရသေးကြောင်းသိရသည်။   

ချစ်ဝိုင်း