News

POST TYPE

NEWS

အီးယူထောက်ပံ့ငွေ ယူရိုနှစ်သန်းဖြင့် မွေးမြူရေးသွင်းအားစုများ ပံ့ပိုးပေးမည်
29-Jun-2020
ရန်ကုန်၊ ဇွန် ၂၉

ဥရောပသမဂ္ဂ (အီးယူ) ၏ ထောက်ပံ့ငွေယူရိုနှစ်သန်းဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မွေးမြူရေးသွင်းအားစုများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

မွေးမြူရေးသွင်းအားစုများအပြင် ကျွဲ၊ နွား ခွာနာလျှာနာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုဗစ်ကာလအတွင်း တိရစ္ဆာန်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် တိရစ္ဆာန်ရောဂါ ကျရောက်မှုကြောင့် ထပ်ဆောင်းထိခိုက်မှုများ မဖြစ်ပွားစေရန် လူနေထူထပ်၍ ကိုဗစ်ရောဂါဓာတ်ခွဲလူနာ တွေ့ရှိမှုအများဆုံးဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ဧရိယာနှင့်ဆက်စပ်နေသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ကျွဲ၊ နွား ခွာနာလျှာနာရောဂါ ကာကွယ်ဆေး၊ ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးနှင့် ကြက်လည်လိမ်ရောဂါ ကာကွယ်ဆေးများထိုးနှံခြင်းကို အထူးစီချက်ချဆောင်ရွက်ပေးလျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

ကိုဗစ်ကာလအတွင်း တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ခက်ခဲသော်လည်း ကျေးရွာများရှိ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၏ အကူအညီဖြင့် ကျွဲ၊ နွား ကာကွယ်ဆေးထိုးနှံခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

ထို့အတူ အအေးခန်းသိုလှောင်ရုံများ စနစ်တကျစတင်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကမ္ဘာ့ဘဏ်မှပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

S-07