News

POST TYPE

NEWS

ကိုရီးယားနှင့် အင်ဒိုနီးရှားသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၈၀ ဦးအား ထပ်မံခေါ်ဆောင်
29-Jun-2020
ရန်ကုန်၊ ဇွန် ၂၉

ကိုရီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကို ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၈၀ ဦးအား ၁၀ ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် (Relief Flight) အဖြစ် Korean Airlines ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာသံရုံး (ဆိုးလ်) က ထုတ်ပြန်ထားသည်။

ယင်းကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသား ၁၇၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ လာရောက်လိုက်ပါသည့် မြန်မာနိုင်ငံသား ၈ ဦးနှင့် အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပိတ်မိနေသော မြန်မာနိုင်ငံသား ၁ဦး၊ စုစုပေါင်း (၁၈၀) ဦးတို့ လိုက်ပါလာသည်။

အလားတူ ၎င်းလေယာဉ်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး စီမံကိန်းများ၌ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များနှင့် မြန်မာနိုင်ငံတွင် စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍများနှင့် အခြားစီမံကိန်းများတွင် ရင်းနှီး မြှုပ်နှံ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသော POSCO International၊ KB KOOKMIN Bank၊ Lotte Hotel ကဲ့သို့သော ကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ကျွမ်းကျင်ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း ၂၄ ဦးလည်း လိုက်ပါလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေခြင်းကြောင့် နိုင်ငံတကာလေကြောင်း လိုင်းများ ပျံသန်းမှု ယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံနှင့် အခြားနိုင်ငံအချို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး၊ မဖြစ်မနေ အပြီးပြန်လည် ထွက်ခွာရန်လိုအပ်နေသော မြန်မာနိုင်ငံသားများအား တစ်ပတ်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ်ဖြင့်ပြန်လည် ခေါ်ဆောင်ပေးနေခြင်းဖြစ်သည်။

ဇွန်လ ၂၉ ရက်နေ့အထိ လေကြောင်းခရီးစဉ်များဖြင့် ပြည်ပနိုင်ငံများမှပြန်လည်ရောက်ရှိသည့် စုစုပေါင်း အရေအတွက်မှာ ၅၀၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရသိရသည်။