News

POST TYPE

NEWS

အင်းဝတံတားပေါ်မှ ခုန်ချရန်ကြံစည်သည့် တက္ကသိုလ်ကျောင်းသားကို အချိန်မီတားဆီး
29-Jun-2020
မန္တလေး၊ ဇွန် ၂၉

အင်းဝတံတားပေါ်မှခုန်ချရန်ကြံစည်ခဲ့သည့် တက္ကသိုလ်ကျောင်းသားတစ်ဦးကို အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါတက္ကသိုလ်ကျောင်းသားသည် ဇွန်လ ၂၈ ရက်နေ့ည ၁၀ နာရီကျော်က စစ်ကိုင်းတံတား၏ ငါးခုံးနှင့် ခြောက်ခုံးကြားမှ ခုန်ချရန်ကြံစဉ်ခဲ့ခြင်းဖြစ်ပြီး လှည့်ကင်းလှည့်ရာမှတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့မ ရဲစခန်းမှ ဒုရဲအုပ်အေးသက်မောင်က ပြောကြားသည်။

“လှည့်ကင်းလှည့်နေရင်းနဲ့ တံတားပေါ်မှဆိုင်ကယ်တစ်စီးက မီးပိတ်ပြီးရပ်ထားတာကိုအဝေးက လှမ်းမြင်ရတယ်။ ဒီတော့ ကျွန်တော်တို့လည်း မီးပိတ်ပြီးအနားကိုမောင်းသွားတယ်။ အဲ့ဒီနားရောက်တော့ ဒီကောင်လေးကိုမေးကြည့်လိုက်တော့ သူ့သူငယ်ချင်းကိုစောင့်နေတာတဲ့။ ဆိုင်ကယ်လာယူဖို့အတွက်ပေါ့။ အဲဒီမှာ သွားတော့မယ်ဆိုပြီး ဆိုင်ကယ်ပေါ်ခွပြီး ဟိုဘက်ဘောင်ပေါ် ခုန်ဆင်းဖို့လုပ်တာ။ ဒီအခါမှာ ကျွန်တော်တို့ကပဲတားပြီးတော့ စခန်းကိုခေါ်လာခဲ့တယ်။ သူ့မိဘတွေဆီ ဆက်သွယ်ပေးလိုက်တယ်”ဟု ဒုရဲအုပ်အေးသက်မောင်က ရှင်းပြသည်။

အင်းဝတံတားနှင့်ရတနာပုံတံတား ပေါ်မှခုန်ချကာ သက်သေမှုများရှိလာသဖြင့် လှည့်ကင်း၊ ပတ်ကင်းများ ဆောင်ရွက်ခဲ့ရာမှ အချိန်မီတားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားပေါ်မှ ခုချရန်ကြံစည်ခဲ့သူမှာ မန္တလေး တက္ကသိုလ်မှ ဘူမိဗေဒကျောင်းသားတစ်ဦးဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း အင်းဝတံတား (စစ်ကိုင်း) ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု ငါးကြိမ်၊ ဧရာဝတီတံတား (ရတနာပုံ) ပေါ်မှ ခုန်ချသေဆုံးမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ဧရာဝတီတံတား (ရတနာပုံ) ပေါ် မှ ခုန်ချသေဆုံးမှုတစ်ကြိမ်၊ အင်းဝတံတားပေါ်မှ အမွှာညီအမနှစ်ဦး ခုန်ချသေဆုံးမှုတို့ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ရတီ